ဘာစီလိုနာအသင်းက တောင်ပံကစားသမား နေရာအတွက် နီကို ဝီလီယံစ်နဲ့ လူးဝစ် ဒီးယက်ဇ်တို့ကို ပစ်မှတ်ထားပေမယ့်လည်း ခေါ်ယူနိုင်ဖို့က ခက်ခဲနေတာကြောင့် ဟားလ်စီးတီး တောင်ပံကစားသမားလေး ဂျေဒန် ပီလိုဂီနီကို ပစ်မှတ်ထားနေရင်း အခုတော့ တရားဝင် ကမ်းလှမ်းမှုပါ ပြုလုပ်လိုက်ပြီလို့ သိရပါတယ်။

အသက် (၂၂)နှစ်အရွယ် အက်စတွန် ဗီလာအသင်းရဲ့ လူငယ် အကယ်ဒမီထွက် ကစားသမားလေး ပီလိုဂီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဗီလာကနေ ဟားလ်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၂၃-၂၄ ရာသီမှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမား ပီလိုဂီနီဟာ ပြီးခဲ့တဲ့ရာသီထဲ ဟားလ်စီးတီးအသင်းအတွက် (၃၃)ပွဲကစား (၁၂)ဂိုးသွင်းယူပြီး (၆)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့သလို ဘယ်တောင်ပံနေရာမှာသာမကပဲ ကွင်းလယ်တန်းရဲ့ ဘယ်ခြမ်းနဲ့ ညာခြမ်းတွေအထိပါ လိုက်ပါကစားနိုင်ခဲ့ပါတယ်။ ဒီလို နေရာစုံ ကစားနိုင်ပြီး အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ပီလိုဂီနီကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့အတူ ဘာစီလိုနာကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

ဘာစီလိုနာက ဘီလ်ဘာအိုအသင်းရဲ့ စပိန် တောင်ပံကစားသမားလေး နီကို ဝီလီယံစ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသလို လီဗာပူးလ်ရဲ့ ကိုလံဘီယာ winger ဒီးယက်ဇ်ကိုလည်း ချိန်ရွယ်ထားပေမယ့် ဒီကစားသမားတွေကို ခေါ်ယူနိုင်ဖို့က ခက်ခဲနေတာကြောင့် ပီလိုဂီနီကိုသာ ပိုပြီး ကြိုးပမ်းလာခဲ့ပါတော့တယ်။

Photo Credit : Transfermarket

လက်ရှိမှာတော့ ဘာစီလိုနာအသင်းက ပီလိုဂီနီအတွက် တရားဝင် ကမ်းလှမ်းမှုအနေနဲ့ ကမ်းလှမ်းချက်တစ်ခု ပြုလုပ်ထားခဲ့တယ်လို့ Sky Germany သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘာ့ချ်က သတင်းဖော်ပြလာခဲ့ပါတယ်။ ပလက်တန်ဘာ့ချ်ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ပီလိုဂီနီကို ခေါ်ယူဖို့ တစ်ရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ဟားလ်စီးတီးအသင်းထံ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ ကမ်းလှမ်းချက်မှာ တစ်ရာသီ အငှားစာချုပ် ပြည့်မြောက်ချိန်မှာ ယူရို သန်း(၂၀)နဲ့ (၂၃)သန်းကြား တန်ကြေးတစ်မျိုးမျိုးနဲ့ အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းသွားမှာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာလို အသင်းကြီးမျိုးမှာ ပါဝင်ကစားဖို့အတွက် စိတ်အားထက်သန်နေတာကြောင့် ပီလိုဂီနီနဲ့ personal agreed ရဖို့က မခက်ခဲနိုင်ပဲ ဟားလ်စီးတီးနဲ့ သဘောတူညီရဖို့သာ ကြိုးပမ်းရနိုင်ပါတယ်။