ဘီလ်ဘာအိုအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီးတဲ့နောက် စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း(၅၀)အထိ သတ်မှတ်ခံလိုက်ရတဲ့ တောင်ပံ ကစားသမား နီကို ဝီလီယံစ်ကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။

အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ စပိန် ဘယ်တောင်ပံ ကစားသမားလေး နီကို ဝီလီယံဟာ ဒီရာသီ အကုန်မှာ ဘီလ်ဘာအိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို ဘာစီလိုနာ အပါအဝင် ရီးယဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်က လီဗာပူးလ် မန်ယူနိုက်တက် ဗီလာတို့ကလည်း အပြိုင် စိတ်ဝင်စားနေခဲ့ပါတယ်။

Photo Credit : Pulse Sports Nigeria

ဒါပေမယ့် ဘီလ်ဘာအိုကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားလေးကို အလွတ်နဲ့ လက်လွတ်သွားဖို့ ဆန္ဒမရှိတဲ့အတွက် (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် တိုးမြှင့်ချုပ်ဆိုလိုက်ပြီး စာချုပ်ဖျက်သိမ်းကြေးကိုပါ ယူရို သန်း(၅၀)အဖြစ် သတ်မှတ်လိုက်ပါတယ်။

နီကို ဝီလီယံစ်ကို စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေက free transfer အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူချင်ကြတာဖြစ်ပြီး အခုတော့ စာချုပ်လျော်ကြေးကိုပါ အသုံးပြုရတော့မှာဖြစ်လို့ လက်ရှောင်သွားကြပါတယ်။ ဒီအသင်းတွေထဲမှာ ဘာစီလိုနာလည်း ပါဝင်နေပါတယ်။

Photo Credit : Catalunya Diari

ဘာစီလိုနာက လာမယ့်နွေဈေးကွက်မှာ နာမည်ကြီး ထိပ်တန်း ကစားသမားတစ်ဦးအတွက် ငွေကြေး သုံးစွဲမှုတစ်ခုကို လုပ်ဆောင်သွားဖို့ ရှိနေတဲ့အပြင် ဒီနွေမှာ အငှားနဲ့ ခေါ်ယူထားတဲ့ ကန်ဆယ်လို နဲ့ ဂျာအိုဖီးလစ်တို့ကို အပြီးသတ် ခေါ်ယူဖို့အတွက်ပါ ငွေသုံးစွဲရပါလိမ့်မယ်။

အဲ့ဒီအတွက်ကြောင့် ဘာစီလိုနာအနေနဲ့ နီကို ဝီလီယံစ်အတွက် ယူရို သန်း(၅၀)ကို အသုံးပြုသွားတော့မှာ မဟုတ်ပဲ တခြားသော options တွေအတွက်သာ ငွေကြေး အသုံးပြုလာနိုင်သလို အကယ်ဒမီက ကစားသမားတွေကိုလည်း အသင်းကြီးမှာ ပိုမို နေရာပေးဖွယ်လည်း ရှိနေပါတယ်။