အတ္တလန်တာအသင်းမှာ နည်းပြကြီး ဂက်စပါရီနီနဲ့ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်ကစားသမား အဒီမိုလာ လွတ်ခ်မန်းက လာမယ့်နွေမှာ အတ္တလန်တာကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် သူ့ကို ကလပ်အသင်း အမြောက်အများက စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာပါ ပါဝင်လာပါတယ်။
အသက်(၂၇)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား လွတ်ခ်မန်းဟာ အတ္တလန်တာရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာ အတ္တလန်တာအသင်းကို ယူရိုပါလိဂ် ချန်ပီယံ ဖြစ်လာအောင် အဓိကနေရာကနေ စွမ်းဆောင်နိုင်ခဲ့သလို လွတ်ခ်မန်း ကိုယ်တိုင်လည်း ၂၀၂၄ရဲ့ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Photo Credit : Transfermarket
ဒါပေမယ့် လွတ်ခ်မန်းဟာ အတ္တလန်တာနဲ့ ကလပ် ဘရုဂေးတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ ဒုတိယအကျော့ပွဲ အတ္တလန်တာအတွက် အရမ်း အရေးကြီးနေတဲ့ ပွဲစဉ်မှာ ဒုတိယမြောက် ချေပဂိုး ဖြစ်နိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့်ကို ကန်သွင်းခဲ့ပြီး ဂိုးမဝင်ခဲ့လို့ ဒါကို အတ္တလန်တာနည်းပြက စိတ်ပျက်ခဲ့ပါတယ်။
နည်းပြကြီး ဂက်စပါရီနီက လွတ်ခ်မန်းရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ပြစ်တင်ခဲ့ပြီး သူမြင်ဖူးသမျှထဲမှာ အဆိုးရွှားဆုံး ပင်နယ်တီ ကန်သွင်းသူလို့ပါ မှတ်ချက်ပြုခဲ့တဲ့အတွက် လွတ်ခ်မန်းနဲ့ ဂက်စပါရီနီတို့ကြား မပြေလည်မှုတွေ ပိုဖြစ်လာခဲ့သလို လွတ်ခ်မန်း အနာဂတ် အခြေအနေတွေပါ ပိုမို လှုပ်ခတ်လာခဲ့ပါတယ်။
Photo Credit : Sky Sports
နောက်ချန်တိုက်စစ်နဲ့ တောင်ပံနှစ်ဖက်လုံးတွေမှာ လိုက်ပါကစားနိုင်တဲ့ လွတ်ခ်မန်းဟာ လာမယ့် ၂၀၂၆မှာ အတ္တလန်တာနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ လက်ရှိ အနေအထားတွေအရ စာချုပ်သစ် ချုပ်ဆိုဖို့ကလည်း အဆင်မပြေနိုင်တာကြောင့် ၂၀၂၆မှာ အလွတ်နဲ့ လက်မလွတ်ရခင် ၂၀၂၅ နွေမှာပဲ ရအောင် ရောင်းချရနိုင်ပါတယ်။
အဲဗာတန် လိုက်ပ်ဇစ် ဖူလ်ဟမ် လက်စတာတို့လို အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ ဒီကစားသမားကို လက်ရှိမှာ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက အေစီမီလန်ရဲ့ ရာဖယ်လ် လီယာအိုထက် ပိုမို အလိုရှိနေပြီး လီယာအိုက တန်ကြေး မြင့်မားလွန်းနေတာဖြစ်လို့ သူ့ထက် ပြောင်းရွှေ့ကြေး နည်းနိုင်မယ့် လွတ်ခ်မန်းကို မျက်စိကျနေပါတယ်။