စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက သူတို့အသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ အတွက် လာမယ့် နွေဈေးကွက်ထဲမှာ တိုက်စစ် ကစားသမား တဦးကို ထပ်မံ ရောင်းချရဖွယ် ရှိကြောင်း ပြောကြားရင်း လူငယ်ကြယ်ပွင့် အန်ဆု ဖာတီကို ရောင်းချဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ တောက်လျှောက် ရင်ဆိုင်နေရတဲ့ အသင်းတသင်း ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သူ တေဗက်က ဘာစီလိုနာဟာ လာမယ့် နွေဈေးကွက်မှာ ကစားသမားတွေ ရောင်းချပြီး ဝင်ငွေ မရှာနိုင်ခဲ့ရင် ကစားသမားသစ် ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ အကြံပေးမှု အတိုင်း ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရမယ့် ကစားသမားတွေကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ စီစဉ်ထားပြီး အန်ဆု ဖာတီ ၊ ရာဖင်ညာ ၊ ဖာရန်း တောရက်စ် ၊ ဖရန်ကီ ဒီဂျောင် ၊ ကတ်ဆီးနဲ့ ဂါစီယာ စတဲ့ ကစားသမားတွေက ဘာစီလိုနာ ကနေ ထွက်ခွာရချေ ရှိနေပါတယ်။

တဖက်မှာလည်း အန်ဆု ဖာတီ တယောက် အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အန်ဆု ဖာတီရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်နဲ့ နီးစပ်သူတွေကလည်း မန်ဒက်စ်ဟာ ဖာတီကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းပြောင်းဖို့ တိုက်တွန်းထားကြောင်းနဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ဖာတီကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း ဆိုထားကြပါတယ်။

Photo Credit: 90 Min

လာပေါ်တာကတော့ လာမယ့် နွေဈေးကွက်မှာ ဘယ်သူဘယ်ဝါတွေကို ရောင်းချမလဲ ဆိုတာ အတိအကျ မပြောသွားပေမယ့် တိုက်စစ် ကစားသမားတွေထဲက တဦးကို ရောင်းချဖို့ ပြင်ဆင်ထားကြောင်း ထုတ်ပြောခဲ့ပါတယ်။ လာပေါ်တာက – “ကျွန်တော်တို့က လာမယ့် နွေဈေးကွက်မှာ တိုက်စစ် ကစားသမား တယောက်ကို ရောင်းထုတ်နိုင်ချေ ရှိတယ် ဆိုတဲ့ သတင်းတွေကို မငြင်းချင်ပါဘူး။ မန်ဖစ် ဒီပိုင်း တယောက် အသင်းကနေ ထွက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့က တိုက်စစ် ကစားသမား တယောက်ကို ထပ်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးပိုင်းကြောင့် မခေါ်နိုင်ခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့က တိုက်စစ် ကစားသမား တယောက်ကို ထပ်ရောင်းနိုင်ပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဘာစီလိုနာရဲ့ တိုက်စစ် ကစားသမားတွေ အနက် လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့က ယခုနှစ် ဘောလုံးရာသီမှ အသင်းဆီ ရောက်လာတဲ့ ကစားသမားတွေ ဖြစ်သလို ပုံမှန် ပွဲထွက်ခွင့် ရရှိထားကြပြီး ဖာရန်း တောရက်စ်နဲ့ ဒမ်ဘီလီတို့ကလည်း နည်းပြ ဇာဗီရဲ့ စိတ်ကြိုက် ကစားသမားတွေ ဖြစ်တာကြောင့် အန်ဆု ဖာတီ တဦးထဲကသာ အသင်းပြောင်းဖို့ ရာခိုင်နှုန်း အများဆုံး ကစားသမား ဖြစ်ကာ ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကပါ ဘာစီလိုနာဟာ ဖာတီကို ရောင်းချရင် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် အထိ ရရှိနိုင်တာကြောင့် ဖာတီကို ရောင်းချဖို့ အဖြစ်နိုင်ဆုံးပဲလို့ သုံးသပ်ထားကြပါတယ်။