ကတ်တလန်တာ အခြေစိုက် အားကစားဆိုင်ရာ တရားရုံးရဲ့ ဥက္ကဌ ဖြစ်သူ မာရီယာ ဇီယိုက လတ်တလောမှာ ဒိုင်ဥက္ကဌဟောင်း နီဂရီရာကို လာဘ်ထိုးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဘာစီလိုနာဟာ အမှန်တကယ် လာဘ်ထိုးမှုကို ကျူးလွန်ခဲ့ရင် ချန်ပီယံဆုတွေ ပြန်သိမ်းခံရမယ့် အပြင် တန်းဆင်းပြစ်ဒဏ်ပါ ချမှတ်ခံရမယ်လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ၂၀၁၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်း လာလီဂါ ဒိုင်အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ နီဂရီရာရဲ့ ကိုယ်ပိုင် ကုမ္ပဏီထံ စုစုပေါင်း ယူရို ၁.၅သန်းကျော် လွှဲပေးခဲ့မှုကြောင့် စုံစမ်း စစ်ဆေးခံနေရပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကတော့ သူတို့အသင်းဟာ လာလီဂါဒိုင်တွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ အတွက် နီဂရီရာဆီ ငွေကြေး လှူဒါန်းခဲ့တာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

Photo Credit: Marca

ဒါပေမယ့် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ ဘာစီလိုနာက နီဂရီရာဆီ ငွေကြေးတွေ ပေးပို့နေတာဟာ ၂၀၀၂ခုနှစ်ထဲက ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီး ဘာစီလိုနာက ၂၀၀၂ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်း နီဂရီရာရဲ့ ကိုယ်ပိုင် ကုမ္ပဏီထံ စုစုပေါင်း ယူရို ၇သန်းကျော် အထိ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီ စစ်ဆေးမှု ရလဒ်ကြောင့်ပဲ နီဂရီရာရဲ့ အမှုကို ကိုင်တွယ်တဲ့ အစိုးရရှေ့နေ့က ဘာစီလိုနာကို လာဘ်ထိုးမှုနဲ့ စွဲချက်တင်ခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာမြို့မှာ ရှိတဲ့ တရားရုံး တခုက ဘာစီလိုနာရဲ့ လာဘ်ထိုးမှုကို ကိုင်တွယ်နေကာ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက မကြာခင်မှာပဲ တရားရုံးကို တက်ရတော့မှာပါ။

Photo Credit: Marca

လက်ရှိမှာတော့ ဘာစီလိုနာနဲ့ နီဂရီရာရဲ့ အမှုဟာ စပိန်ဘောလုံးလောက အတွင်းမှာ နာမည်အကြီးဆုံး အမှုကိစ္စ ဖြစ်နေပြီး လာလီဂါဥက္ကဌ တေဗက်ကတော့ နီဂရီရာရဲ့ အမှုဟာ ဘာစီလိုနာရဲ့ ပုံရိပ်ကိုသာမကပဲ လာလီဂါရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့ အမှုကိစ္စ တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ကတ်တလန်တာ အခြေစိုက် အားကစားဆိုင်ရာ တရားရုံးရဲ့ ဥက္ကဌ ဖြစ်သူ မာရီယာ ဇီယိုကလည်း အကယ်၍ ဘာစီလိုနာကသာ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့ရင် ဘာစီလိုနာဟာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ကျခံရလိမ့်မယ်လို့ ဆိုလာပါတယ်။ ဇီယိုက – “ဒီအမှုမှာသာ ဘာစီလိုနာ ရှုံးသွားရင် ဘာစီလိုနာက တန်းဆင်းပြစ်ဒဏ်ပါ ကျခံရနိုင်ပါတယ်။ ပြီးတော့ ယူအီးအက်ဖ်အေကလည်း ပုံမှန် မဟုတ်တဲ့ ကိစ္စတွေ ဆိုရင် ဝင်ရောက် အပြစ်ပေးလို့ ရပါတယ်။ ဒါကြောင့် သူတို့က ယူအီးအက်ဖ်အေရဲ့ အပြစ်ပေးမှုကိုပါ ခံရနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဘာစီလိုနာရဲ့ ချန်ပီယံဘွဲ့တွေကို ပြန်လည် သိမ်းယူနိုင်ချေ ရှိပါသေးတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။