ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အတော်လေး တောက်ပလို့နေတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာကို လာမယ့်နွေဈေးကွက်မှာ အသင်းကနေ ရောင်းချဖို့ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၉၀)လောက်အထိ တောင်းဆိုလာနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ဘယ်တောင်ပံကစားသမား ရာဖင်ဟာက ဒီရာသီ မတိုင်ခင်ကတည်းက သူ့အနာဂတ်နဲ့ ပတ်သက်ပြီး လှုပ်ခတ်မှုတွေ ရှိခဲ့သလို အသင်းကနေ ရောင်းချခံရဖို့ပါ နီးစပ်ခဲ့သေးပေမယ့် နောက်ဆုံးတော့ အသင်းနဲ့သာ ဆက်ရှိနေခဲ့တဲ့အပြင် အသင်းအတွက်ကိုလည်း ဘယ်လိုမှ မထင်ထားလောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အခုဆို ရာဖင်ဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၄၆)ပွဲ ပါဝင်ကစားထားရင်း (၂၈)ဂိုးသွင်း (၂၂)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဂိုးပါဝင်ပတ်သက်မှုအဖြစ် ဂိုးပေါင်း (၅၀)အထိတောင် အံ့မခန်း စွမ်းဆောင်ပြထားနိုင်လို့ ရာဖင်ဟာဟာ ဘာလွန်းဒေါဆုအတွက်ကိုပါ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ရာဖင်ဟာအနေနဲ့ ဒီရာသီမှာ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ချန်ပီယံလိဂ်ဖလားနဲ့ ကိုပါဒယ်လ်ရေးဖလား ဖလား(၃)လုံး Treble Champions ဖြစ်လာဖို့ပါ ရှိနေတာကြောင့် ရာဖင်ဟာက ဘာစီလိုနာအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေရပေမယ့် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

Photo Credit : Goal

အကြောင်းကတော့ ရာဖင်ဟာရဲ့ လက်ရှိစာချုပ်ဟာ (၂)နှစ်သာ ကျန်ရှိတော့ချိန်မှာ စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးမှုတွေ ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။ ရာဖင်ဟာရဲ့ ကိုယ်စားလှယ်တွေက အသင်းဘက်ကနေ လက်ရှိ ကမ်းလှမ်းထားတာထက် ပိုကောင်းတဲ့ အခွင့်အရေးတွေကို တောင်းဆိုနေတယ်လို့ သိရပါတယ်။

ကာတာလိုးနီးယား ရေဒီယိုက ဘာစီလိုနာဟာ ရာဖင်ဟာအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခု ရောက်လာမယ်ဆိုရင် ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ဆန္ဒရှိနိုင်ပြီး ရာဖင်ဟာရဲ့ တန်ဖိုးဟာလည်း ယူရို သန်း(၈၀)နဲ့ သန်း(၉၀)ကြား ရှိတယ်လို့ ဆိုပါတယ်။ ရာဖင်ဟာကို ဆော်ဒီပရိုလိဂ် အသင်းတွေအပြင် ချယ်လ်ဆီး အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားလျက် ရှိနေကြပါတယ်။