စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက လာမယ့်ရာသီ အတွက် ကြိုတင်ပြင်ဆင်မှု တရပ် အဖြစ် စပိန်ဒေသတွင်းကလပ် လက်စ်ပါးမက်ရဲ့ အဓိက ဘယ်နောက်ခံလူ ကာဒိုနာကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ယခုထဲက အရှိန်အဟုန်မြှင့် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာက ၂၀၂၂ခုနှစ် နောက်ပိုင်းမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ယခင်လို တန်ကြေးမြင့် ကစားသမား ခေါ်ယူမှုတွေကို ဖောဖောသီသီ မလုပ်နိုင်တော့ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေ ၊ အငှားနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကိုသာ လိုက်လံ ရှာဖွေ ခေါ်ယူခဲ့ရပါတယ်။

Photo Credit: Goal

ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ ဂျာမဏီ ကွင်းလယ်ကြယ်ပွင့် ဂန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့သလို ဂျာအိုဖီးလစ် ၊ ကန်ဆယ်လို စတဲ့ ကစားသမားတွေကိုလည်း အငှားနဲ့ ခေါ်ယူခဲ့ပါသေးတယ်။

လက်ရှိမှာ ဘာစီလိုနာက သူတို့အသင်းရဲ့ လာမယ့်ရာသီ အတွက် ကြိုတင် ပြင်ဆင်မှုတွေ စလုပ်နေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ထုံးစံအတိုင်း အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို လိုက်လံ ရှာဖွေ ချိတ်ဆက်နေကာ လက်စ်ပါးမက်ကြယ်ပွင့် ကာဒိုနာဟာ ဘာစီလိုနာရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေပါတယ်။

Photo Credit: Goal

အသက် ၂၄နှစ် အရွယ် စပိန်ဘယ်နောက်ခံလူ ကာဒိုနာက ယခုနှစ် ဘောလုံးရာသီမှာ လက်စ်ပါးမက်နဲ့အတူ တောက်ပနေတဲ့ ကစားသမား ဖြစ်ကာ သူက လက်စ်ပါးမက် အတွက် လာလီဂါပြိုင်ပွဲမှာ ၂၀ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူနဲ့ လက်စ်ပါးမက်တို့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ကာဒိုနာကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ကာဒိုနာရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ရာသီကုန်ချိန်မှာ သူတို့အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာဖို့ စည်းရုံးနေကြောင်း သိရှိရပါတယ်။