စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးကို ယခုနှစ် ရာသီကုန်ချိန်မှာ ရောင်းထုတ်ဖို့ စဉ်းစားနေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၅နှစ် အရွယ် ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘိုင်ယန်မြူးနစ် ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ သူက ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာကို လာလီဂါ ချန်ပီယံ ဖြစ်အောင် ကူညီပေးထားနိုင်ပါတယ်။

Photo Credit: Forbes

လီဝန်ဒေါစကီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈ကြိမ် ရခဲ့ပေမယ့် ဒီရာသီမှာတော့ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၉ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် လီဝန်ဒေါစကီးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁ဂိုးထဲသာ သွင်းယူပေးနိုင်ခဲ့တာကြောင့် ဘာစီလိုနာနည်းပြချုပ် ဇာဗီ အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေက လီဝန်ဒေါစကီးဟာ ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်နေကြပြီလို့ တွေးလာကြပါတယ်။

Photo Credit: Goal

လီဝန်ဒေါစကီးက ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို အင်တာဗျူးတွေမှာ အသင်းဖော်တွေဟာ သူ့ကို ဂိုးသွင်းခွင့်တွေ များများစားစား ဖန်တီးပေးနိုင်ခြင်း မရှိကြောင်း ထုတ်ပြောခဲ့ဖူးတာကြောင့် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် တချို့နဲ့ ဆက်ဆံရေးလည်း အဆင်မပြေပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Transferရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက လာမယ့် နွေဈေးကွက်မှာ လီဝန်ဒေါစကီးကို ရောင်းထုတ်ပြီး ငွေကြေး ရှာဖွေဖို့ စိတ်ဝင်စားနေပြီး မကြာသေးမီကမှ ခေါ်ယူထားတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဗစ်တာ ရိုကွေးဟာ လီဝန်ဒေါစကီးရဲ့ နေရာကို အစားဝင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။