စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာလီဂါကလပ် ဘီလ်ဘာအိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စပိန်နောက်ခံလူ မာတီနက်ဇ်ကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး မကြာခင်ပဲ မာတီနက်ဇ်နဲ့ သဘောတူညီမှု ရရှိတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက လက်ရှိမှာ ခရစ်တန်ဆန် ၊ အာရူဟို ၊ အဲရစ် ဂါစီယာ ၊ ခွန်ဒေ စတဲ့ ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းဖို့ အတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ ဂါစီယာကို ရောင်းချရန် ဆုံးဖြတ်ထားတာကြောင့် ဂါစီယာရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။

Photo Credit: Marca

ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ ဘာစီလိုနာက ပြောင်းရွှေ့ကြေး မြင့်မားတဲ့ ဗဟိုနောက်ခံလူတွေကို ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ အရန် ဗဟိုခံစစ်မှူး အဖြစ် ကစားပေးနိုင်သလို အလွတ်နဲ့လည်း ရမယ့် အင်နီဂို မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပြီး မာတီနက်ဇ်ကလည်း သူ့ရဲ့ ကစားသမား ဘဝ ပြီးဆုံးတော့မယ့် အချိန်မှာ ဘာစီလိုနာလို ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ မာတီနက်ဇ်က ၂၀၁၈ခုနှစ်မှာ ဆိုစီဒက် ကနေ ဘီလ်ဘာအိုထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဘီလ်ဘာအို အတွက် ၅နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၁၇၂နှစ် အထိ ပါဝင် ကစားပေးခဲ့ကာ သူနဲ့ ဘီလ်ဘာအိုရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit: Marca

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Relevoရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အင်နီဂို မာတီနက်ဇ်ကို အလွတ်နဲ့ ခေါ်ယူဖို့ အတွက် အပြီးသတ် သဘောတူညီမှု ရရန် နီးစပ်နေပြီး နှစ်ဦးနှစ်ဖက်ကြားမှာ ဆွေးနွေးမှုတွေ အဆင်ပြေနေတာကြောင့် မကြာခင်မှာပဲ မာတီနက်ဇ်ဟာ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။