စပိန်လာလီဂါရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ပြည်တွင်းပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ယာအို ဖီးလစ်ကို တရာသီအငှားနဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘာစီလိုနာက တိုက်စစ်ပိုင်းမှာ လီဝန်ဒေါစကီး ၊ ရာဖင်ဟာ ၊ အန်ဆု ဖာတီ ၊ ဖာရန်း တောရက်စ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ အတွက် အန်ဆု ဖာတီနဲ့ ဖာရန်း တောရက်စ်တို့ကို ရောင်းထုတ်ရန် စီစဉ်ထားတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

Photo Credit: Football Transfer

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ယာအို ဖီးလစ်က အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် စတဲ့ တိုက်စစ်ရဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီကမှ အက်သလက်တီကို မက်ဒရစ်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

ယာအို ဖီးလစ်က အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုထားတာ ၁နှစ်သာ ရှိသေးပေမယ့် သူနဲ့ အက်သလက်တီကို မက်ဒရစ်နည်းပြချုပ် ဆီမြွန်နီတို့ ကြားမှာ ဆက်ဆံရေး အဆင်မပြေတာကြောင့် အက်သလက်တီကို မက်ဒရစ်က သူ့ကို ယခု နွေဈေးကွက်အတွင်းမှာ ရောင်းထုတ်ဖို့ ကြိုးစားနေသလို ယာအို ဖီးလစ်ကလည်း အသင်းသစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယာအို ဖီးလစ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် ဖီးလစ်နဲ့ရော ၊ အက်သလက်တီကို မက်ဒရစ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာက ယာအို ဖီးလစ်ကို တရာသီအငှားကြေး ယူရို ၈သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

ဘာစီလိုနာက ယာအို ဖီးလစ်ကို အငှားသီးသန့်လား ၊ အငှား + ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့် ပါတဲ့ စာချုပ်နဲ့ ခေါ်ယူမှာလား ဆိုတာ အတိအကျ မသိရသေးပေမယ့် အက်သလက်တီကို မက်ဒရစ်ကတော့ ယာအို ဖီးလစ်ကို အပြီးသတ် ရောင်းချရမယ် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိကြောင်း နီးစပ်သူတွေက ဆိုပါတယ်။