လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ ဗစ်ဆယ် ကိုဘေး အသင်းနဲ့ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ ဒီလိုဖျက်သိမ်းရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ပွဲစီစဉ်သူဘက်က စာချုပ်ပါအချက်အလက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာကြောင့်ဖြစ်တယ်လို့ ကလပ်အသင်းက ဆိုပါတယ်။ ဒါ့အပြင် ဒီပြဿနာကြောင့် တောင်ကိုရီးယားမှာ ကစားဖို့ရှိနေတဲ့ ခြေစမ်းပွဲနှစ်ပွဲရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ မူလက ဂျပန်ကလပ် ဗစ်ဆယ် ကိုဘေးအသင်းနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားဖို့ စီစဉ်ထားပြီး အဲဒီနောက် တောင်ကိုရီးယားကို ခရီးဆက်ကာ ဇူလိုင်လ ၃၁ ရက်နေ့မှာ အက်ဖ်စီ ဆိုးလ်အသင်းဩဂုတ်လ ၄ ရက်နေ့မှာ ဒယ်ဂူး အက်ဖ်စီအသင်းတို့နဲ့ ကစားဖို့ စီစဉ်ထားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့က ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “ပွဲစီစဉ်သူဘက်မှ စာချုပ်ပါအချက်အလက်များကို ဆိုးရွားစွာ ချိုးဖောက်ခဲ့တဲ့အတွက် လာမယ့် တနင်္ဂနွေနေ့ ဂျပန်နိုင်ငံမှာ ကစားမယ့်ပွဲကို ဖျက်သိမ်းဖို့ ကျွန်တော်တို့အသင်းအနေနဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။” လို့ ဖော်ပြထားပါတယ်။

Photo Credit : France24

တောင်ကိုရီးယားခရီးစဉ်နဲ့ပတ်သက်ပြီးတော့လည်း “ပွဲစီစဉ်သူဘက်က သတ်မှတ်ချက်အချို့ကို လိုက်နာမှသာ ကျွန်တော်တို့အနေနဲ့ တောင်ကိုရီးယားခရီးစဉ်ကို ပြန်လည်စဉ်းစားမှာဖြစ်ပါတယ်။ တကယ်လို့ ဒီအခြေအနေတွေ ပြေလည်ခဲ့မယ်ဆိုရင်တော့ ကလပ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း တောင်ကိုရီးယားကို ခရီးဆက်မှာပါ။ ဂျပန်နိုင်ငံက ဘာစီလိုနာပရိသတ်တွေ အများအပြားအတွက် ဒီလို အဖြစ်အပျက်မျိုး ကြုံတွေ့ရတဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ဘာစီလိုနာက ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျေလိဂ်ကလပ် ဗစ်ဆယ် ကိုဘေးအသင်းကလည်း ကြာသပတေးနေ့မှာ ပရိသတ်တွေကို တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ “ဒီပွဲကို မျှော်လင့်တကြီး စောင့်စားနေကြတဲ့ ပရိသတ်တွေနဲ့ သက်ဆိုင်သူတွေအားလုံးကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အနူးအညွတ်တောင်းပန်ပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းပြီး သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။” လို့ ဗစ်ဆယ် ကိုဘေးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Credit : Playoffs

ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပွဲစီစဉ်သူရဲ့နာမည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိပေမယ့် ဒီခြေစမ်းခရီးစဉ်ကို စတင်ကြေညာစဉ်ကတော့ ဂျပန်နိုင်ငံအတွက် ပွဲစီစဉ်သူဟာ ‘YASUDA Group’ ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ ရိုက်တာသတင်းဌာနက YASUDA Group ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာတော့ တောင်ကိုရီးယားနိုင်ငံက ပွဲစဉ်တွေအတွက် တာဝန်ယူထားတဲ့ ပွဲစီစဉ်သူ ‘D-DRIVE’ ကုမ္ပဏီကတော့ သူတို့ရဲ့ခရီးစဉ်ကို အောင်မြင်အောင် ကျင်းပသွားမယ်လို့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

“ကိုရီးယားက ကျွန်တော်တို့ရဲ့ ပရိသတ်တွေ စိတ်ချယုံကြည်နိုင်ပါတယ်။ D-DRIVE အနေနဲ့ ကျန်ရှိနေတဲ့ခရီးစဉ်ကို အောင်မြင်အောင် အပြည့်အဝ တာဝန်ယူသွားမှာပါ။ မမေ့နိုင်စရာ ပွဲကောင်းတွေကို တင်ဆက်နိုင်ဖို့ ကျွန်တော်တို့ဘက်က အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပါတယ်” လို့ D-DRIVE ရဲ့ CEO ဖြစ်သူ Seul Ham က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာရဲ့ အာရှခြေစမ်းခရီးစဉ်ဟာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပြီး ပရိသတ်တွေကတော့ နောက်ဆုံးအခြေအနေကို စောင့်ကြည့်နေကြရပါတယ်။