ဘာစီလိုနာအသင်းကတော့ တောင်ပံတိုက်စစ် နေရာအတွက် ဘီလ်ဘာအို ကစားသမား နီကို ဝီလီယံစ်နဲ့ လီဗာပူးလ်ရဲ့ တောင်ပံကစားသမား လူးဝစ် ဒီးယက်ဇ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့်လည်း ဒီကစားသမားတွေကို ခေါ်ယူဖို့က ခက်ခဲနေတာကြောင့် ဟားလ်စီးတီး winger လေးကိုပဲ ပစ်မှတ်ထားလာခဲ့ပါတယ်။
နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ အသင်းရဲ့ ကစားသမားအင်အားကို ပိုမို တောင့်တင်းလာအောင် လုပ်ဆောင်ဖို့ ရှိနေတဲ့ ဘာစီလိုနာအသင်းဟာ ဒိတ်ဒိတ်ကြဲ တောင်ပံကစားသမားကောင်းတွေဖြစ်တဲ့ နီကို ဝီလီယံစ်နဲ့ လူးဝစ် ဒီးယက်ဇ်တို့ကို ချိန်ရွယ်လာခဲ့ပေမယ့်လည်း ကစားသမားနှစ်ဦးလုံးက သူတို့ရဲ့ လက်ရှိကလပ်တွေမှာသာ ဆက်လက် ရှိနေမယ့် အနေအထားတွေ ဖြစ်နေလို့ ခေါ်ယူဖို့ ခက်ခဲနေရပါတယ်။
Photo Credit : Transfermarket
ဒါ့အပြင် ကစားသမားနှစ်ဦးလုံးရဲ့ တန်ကြေးတွေကိုလည်း မြင့်မားလွန်းနေတာကြောင့် ဘာစီလိုနာအနေနဲ့ တောင်ပံနေရာအတွက် ပစ်မှတ်ပြောင်းလဲလာခဲ့ရပြီး လက်ရှိမှာတော့ စပိန်အခြေစိုက် Relevo သတင်းဌာနကနေ ဖော်ပြချက်တွေအရ ဟားလ်စီးတီးအသင်းရဲ့ အသက် (၂၂)နှစ်အရွယ် တောင်ပံကစားသမားလေးကို ချိန်ရွယ်နေတယ်လို့ သိရပါတယ်။
အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းရဲ့ လူငယ် ကစားသမားလေး ဂျေဒန် ဖီလိုဂျင်းဟာ ဒီနောက်ပိုင်းမှာ ကစားသမားကောင်းတွေ ပိုမို မွေးထုတ်ပေးလာနိုင်တဲ့ အက်စတွန် ဗီလာ လူငယ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ ဟားလ်စီးတီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Barca Blaugranes
ဘယ်တောင်ပံနေရာမှာ အဓိက ကစားသူဖြစ်ပြီး လိုအပ်ရင် ညာတောင်ပံပါ လိုက်ပါကစားတက်သေးတဲ့ ဖီလိုဂျင်းဟာ ဟားလ်စီးတီး ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် (၁၂)ဂိုးအထိတောင် သွင်းယူပေးနိုင်ခဲ့ပြီး (၆)ဂိုးအထိလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့်ပဲ သူ့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ဘာစီလိုနာကပါ စိတ်ဝင်စားလာခဲ့ပါတယ်။
Relevo ရဲ့ ဖော်ပြချက်မှာတော့ ဘာစီလိုနာဟာ ဖီလိုဂျင်းကို အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အပြင် ဆက်သွယ်မှုတွေလည်း လုပ်ဆောင်ထားခဲ့ပြီဖြစ်ပြီး တစ်ရာသီအငှား + အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းသွားဖို့လည်း ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။