ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ဒီနွေမှာ အက်စတွန် ဗီလာအသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အာဂျင်တီးနား ဂိုးသမား အယ်လ်မီလီယာနို မာတီနက်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား မာတီနက်ဇ်ဟာ ၂၀၂၀ကမှ အာဆင်နယ်အသင်းကနေ ဗီလာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မြောက်လန်ဒန်မှာ (၈)နှစ်ကြာ ရှိနေခဲ့စဉ်အတွင်း (၆)ကြိမ်အထိ အငှားချခံခဲ့ရပါတယ်။ ဗီလာမှာတော့ သူဟာ လိဂ်ရဲ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် ထွန်းတောက်လာခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား မရရှိခင် အာဂျင်တီးနားအသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကိုလည်း ခိုင်မာအောင် လုပ်နိုင်ခဲ့ပါတယ်။

Photo Credit : Mundo Albiceleste

ဒါပေမဲ့ ၂၀၂၄ နွေရာသီမှာ စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၉ မှ စာချုပ်ကုန်ဆုံးမယ့် မာတီနက်ဇ်ဟာ အသင်းကနေ ထွက်ခွာတော့မယ့် ပုံစံမျိုး အရိပ်အမြွက်ပြခဲ့ပါတယ်။ ဗီလာပါ့ခ်ကွင်းမှာ တော့တင်ဟမ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မာတီနက်ဇ်ဟာ ဗီလာပရိသတ်တွေကို မျက်ရည်တွေနဲ့ လက်ပြနှုတ်ဆက်နေတာကို တွေ့ခဲ့ရပြီး ဒါဟာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ သဘောလို့ ယူဆနေကြပါတယ်။

အာဂျင်တီးနား တီဗီချန်နယ် DSports ရဲ့ဖော်ပြချက်အရ မန်ယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်း(၂)သင်းလုံးဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဂိုးသမားဖြစ်သူဆီကို အသင်း(၂)သင်းလုံးဆီက ကမ်းလှမ်းမှုတွေပါ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : Sky Sports

လက်ရှိ ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမား အန်ဒရေ အိုနာနာဟာ ၂၀၂၃ ကမှ အင်တာမီလန်ကနေ ပေါင် (၄၇.၂)သန်းနဲ့ ရောက်ရှိလာကတည်းက လက်စွမ်းမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက် ဂန္တဝင် ဝိန်း ရွန်နီကတောင် အိုနာနာနေရာမှာ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို အသင်းအနေနဲ့ ပြန်လည် ခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါသေးတယ်။

ဘာစီလိုနာမှာတော့ မာ့ခ်-အန်ဒရေ တာစတီဂန်က အဓိက ဂိုးသမားအဖြစ် ရှိနေဆဲဖြစ်ပေမယ့် ဒူးဒဏ်ရာဆိုးကြောင့် ဒီရာသီမှာ (၇)ပွဲသာ ကစားထားနိုင်ခဲ့ပါတယ်။ အာဆင်နယ် ဂိုးသမားဟောင်း ဝေါ့ရှက် ရှက်ဇနီက တာစတီဂန်နေရာမှာ အစားဝင်ပြီး ပွဲပေါင်း(၃၀) ပါဝင်ကစားပေးခဲ့ပေမယ့် ရှက်ဇနီရဲ့ လက်စွမ်းတွေကလည်း တည်ငြိမ်မှု မရှိသလို သူရဲ့ စာချုပ်ဟာလည်း ကုန်ဆုံးခါနီးနေပြီ ဖြစ်ပါတယ်။