လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲရဖို့ သေချာသလောက် ရှိနေတဲ့ ဂျေဒန် ဆန်ချိုကို ဘာစီလိုနာ နဲ့ ဂျုဗင်တပ်စ်အသင်းတို့က ခေါ်ယူသွားဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း အသင်းအတွက်ပါ လုံးဝ ကစားပေးခွင့် ၊ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်တွေအထိပါ မရရှိတော့တဲ့ ဆန်ချိုဟာ အခုထိလည်း တန်ဟက်ဂ်ကို ပြန်တောင်းပန်ဖို့ လစ်လျူရှုထားခဲ့ပါတယ်။

Photo Credit : Goal

ဒါကြောင့် ယူနိုက်တက်အသင်းက လာမယ့် ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ဆန်ချိုကို အသင်းကနေ သေချာပေါက် ရှင်းထုတ်သွားဖို့ ရှိနေပြီး ဒီအခြေအနေကိုလည်း ဘာစီလိုနာ နဲ့ ဂျုဗင်တပ်စ်အသင်းကပါ စောင့်ကြည့်လျက် ရှိနေပါတယ်။

အင်္ဂလန် ကြယ်ပွင့် ဒေါ့မွန် ကစားသမားဟောင်း ဆန်ချိုဟာ ဒေါ့မွန်မှာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့သလောက် ယူနိုက်တက်ကို ရောက်လာမှ ခြေစွမ်းပိုင်း အတက်အကျ မငြိမ်တဲ့အပြင် ခြေမပေါ်နိုင်တဲ့ ပွဲအရေအတွက်က ပိုများနေရပါတယ်။

Photo Credit : SportMax

ဒါ့အပြင် အာဆင်နယ်နဲ့ ပွဲအပြီး တန်ဟက်ဂ်က ဆန်ချိုနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်း စွမ်းဆောင်မှုတွေကို သဘောမကျဘူးလို့ ဖြေဆိုခဲ့ရာ ဒါကို ဆန်ချိုက လက်မခံနိုင်ပဲ ပြန်တုံ့ပြန်ခဲ့ရာကနေ တန်ဟက်ဂ် နဲ့ ဆန်ချိုတိုု့ကြား တင်းမာမှုတွေက ပိုဆိုးသွားခဲ့ရပါတယ်။

လက်ရှိမှာတော့ တစ်ပတ် ပေါင် (၃)သိန်း ရရှိနေတဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းနဲ့ပါ မပြေလည်တော့တာကြောင့် ဆန်ချိုရဲ့ အေးဂျင့်တွေကပါ သူတို့ ကစားသမား အနာဂတ်အတွက် စတင် လှုပ်ရှားနေပြီ ဖြစ်သလို ဘာစီလိုနာ နဲ့ ဂျုဗင်တပ်စ်တို့ကလည်း ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကမ်းလှမ်းကြဖို့ ရှိနေပါတယ်။