ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုက တောင်ပံတိုက်စစ်ကစားသမား နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ၆ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီပြောင်းရွှေ့မှုဟာ သိပ်မကြာခင်မှာပဲ အဆုံးသတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Foot Mercato ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဝီလီယံစ်နဲ့ ၂၀၃၁ နွေရာသီအထိ နူးကမ့်မှာ ဆက်ရှိနေစေမယ့် ၆ နှစ်စာချုပ်အတွက် ကနဦးသဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်ပံကစားသမားဟာ စပိန်လက်ရွေးစင်အသင်းမှာ သူ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတဲ့ ဆယ်ကျော်သက် ကြယ်ပွင့် လာမင်း ယာမယ်လ်နဲ့ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ ဟန်စီ ဖလစ်ခ်ရဲ့ တိုက်စစ်ပိုင်း အစီအစဉ်တွေမှာ အားကောင်းတဲ့ တောင်ပံတွဲဖက်မှုအဖြစ် ပါဝင်လာမယ့် ဝီလီယံစ်ဟာ ဒီပြောင်းရွှေ့မှု အောင်မြင်ခဲ့ရင် ဘာစီလိုနာမှာ တစ်နှစ်ကို ယူရို ၁၂ သန်း ရရှိမယ်လို့ ခန့်မှန်းရပါတယ်။

Photo Credit : Goal

ဘာစီလိုနာရဲ့ ဝီလီယံစ်အပေါ် စိတ်ဝင်စားမှုဟာ တစ်နှစ်ကျော်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ကလပ်အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်းက သူ့ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပေမယ့် ဒန်နီ အော်လ်မိုကို ခေါ်ယူမှုကြောင့် ကလပ်ရဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ တင်းကျပ်သွားခဲ့တာကြောင့် နောက်ထပ် ထိပ်တန်းကစားသမား ခေါ်ယူဖို့ အစီအစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဝီလီယံစ်ရဲ့ အေးဂျင့်အဖွဲ့နဲ့ ကလပ်အမှုဆောင်တွေကြားမှာ အဆိုပြုထားတဲ့ ပြောင်းရွှေ့မှုရဲ့ မူဘောင်ကို ချောမွေ့စေဖို့ မကြာသေးမီက အစည်းအဝေးများစွာ ပြုလုပ်ခဲ့ကြပါတယ်။ ဘာစီလိုနာအနေနဲ့ ဘီလ်ဘာအိုတို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတာနဲ့ ဝီလီယံစ်ဟာ ပြောင်းရွှေ့မှုကို အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်။ ဘီလ်ဘာအိုကတော့ ဒီတောင်ပံကစားသမားအတွက် ယူရို သန်း ၆၀ တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

Photo Credit : Barca Blaugranes

ဝီလီယံစ်ဟာ ပြီးခဲ့တဲ့ ရာသီနှစ်ခုအတွင်းမှာ ခြေစွမ်းတိုးတက်လာခဲ့ပြီး ဘီလ်ဘာအိုနဲ့ သူ့ရဲ့ နောက်ဆုံးရာသီကလည်း ထူးခြားခဲ့ပါတယ်။ သူဟာ လာလီဂါပွဲ ၂၉ ပွဲမှာ ၅ ဂိုးသွင်းယူပြီး ၅ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့ရာမှာ ၅ ဂိုးသွင်း ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းတွေကြောင့် ယူရိုပါလိဂ်ရဲ့ နေရာအလိုက် အကောင်းဆုံးအသင်းမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဝီလီယံစ်ကြားက ဆွေးနွေးမှုတွေ အောင်မြင်လာတာဟာ ဥရောပ ထိပ်တန်းကလပ်များစွာအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာလည်း စပိန်လက်ရွေးစင် ကစားသမားကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားခဲ့ကြပါတယ်။ ချယ်လ်ဆီးက သူ့အခြေအနေကို ရာသီတစ်လျှောက်လုံး စောင့်ကြည့်ခဲ့တယ်လို့ ယုံကြည်ရပြီး ဘိုင်ယန်ကလည်း သူတို့အသင်း ကလပ်ကမ္ဘာ့ဖလားအတွက် အမေရိကန်ကို မသွားခင်လေးမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ နောက်ဆုံးမှာတော့ ဝီလီယံစ်ဟာ စပိန်မှာပဲ ဆက်နေဖို့နဲ့ သူ့ရဲ့ စပိန်လက်ရွေးစင်အသင်းဖော် ယာမယ်လ် ပါဝင်တဲ့ ပရောဂျက်ကို ပူးပေါင်းဖို့ ပိုနှစ်သက်ခဲ့တာကြောင့် ဘာစီလိုနာဘက်ကို အောင်မြင်မှု လှည့်သွားခဲ့တာ ဖြစ်ပါတယ်။