စပိန်လာလီဂါ နာမည်ကြီးကလပ် ဘီလ်ဘာအိုရဲ့ လူငယ်ကြယ်ပွင့် နီကို ဝီလီယံဟာ ဘီလ်ဘာအိုနဲ့ စာချုပ်သစ် အတွက် သဘောတူညီမှု တစုံတရာ မရသေးတာကြောင့် ယခုနှစ် ဘောလုံးရာသီအကုန်မှာ ဘီလ်ဘာအိုကို စွန့်ခွာရဖွယ် ရှိနေကြောင်း နီကို ဝီလီယံရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် လူငယ်ကြယ်ပွင့် နီကို ဝီလီယံက ဘီလ်ဘာအိုရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမား ဖြစ်ပြီး သူက ဘယ်တောင်ပံနေရာမှာ အဓိက ကစားလေ့ ရှိကာ လိုအပ်ရင် ညာတောင်ပံမှာပါ ထွက်ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Football Transfer

နီကို ဝီလီယံက ၂၀၂၁ခုနှစ်မှ စတင်ကာ ဘီလ်ဘာအို အတွက် စတင် ပါဝင်ကစားခွင့် ရခဲ့ပြီး သူက ဘီလ်ဘာအို အတွက် ၃နှစ်ကျော် ကာလအတွင်းမှာ လာလီဂါပွဲ ၈၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိခဲ့ပါတယ်။

နီကို ဝီလီယံက သူ့ရဲ့ အစ်ကိုဖြစ်သူ အိုင်နာကီ ဝီလီယံနဲ့အတူ ဘီလ်ဘာအိုရဲ့ တိုက်စစ်ကို ဦးဆောင် ကစားနေသူ ဖြစ်ပေမယ့် သူနဲ့ ဘီလ်ဘာအိုတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက နီကို ဝီလီယံနဲ့ ဘီလ်ဘာအိုတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

 

Photo Credit: Team Talk

နီကို ဝီလီယံရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ ကစားသမားဟာ ဘီလ်ဘာအိုမှာ ဆက်နေဖို့ စဉ်းစားထားပေမယ့် ဘီလ်ဘာအိုက သူ့ရဲ့ ကစားသမား အတွက် စာချုပ်သစ် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟလာခဲ့ပါတယ်။

နီကို ဝီလီယံရဲ့ အေးဂျင့်က – “နီကိုရဲ့ စာချုပ်ဟာ လာမယ့် ဇွန်လမှာ သက်တမ်း ကုန်ဆုံးမှာပါ။ ကျွန်တော်တို့က ဒါကို မေ့ထားလို့ မရပါဘူး။ ဘီလ်ဘာအိုက နီကိုဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ချင်နေတာကို အရင်ထဲက သိခဲ့ပေမယ့် အခုချိန်အထိ စာချုပ်သစ် အတွက် ကမ်းလှမ်းမှု မရောက်လာသေးပါဘူး။ ကျွန်တော်တို့ကတော့ ဘီလ်ဘာအိုရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲပါ”လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာက နီကို ဝီလီယံကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေပြီး ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာလည်း နီကို ဝီလီယံကို ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်ခဲ့ဖူးပါသေးတယ်။