စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဒေကိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့ အက်သလက်တီကို မက်ဒရစ်တို့ကနေ သူတို့အသင်းဆီ အငှားနဲ့ လာရောက် ကစားနေတဲ့ ပေါ်တူဂီကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ကန်ဆယ်လိုနဲ့ ဂျာအို ဖီးလစ်တို့ကို အငှားစာချုပ် ပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒေကို ဦးဆောင်နေတဲ့ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေပေမယ့် သူတို့အသင်းရဲ့ အစဉ်အလာနဲ့ နာမည်ကျော်ကြားမှုကြောင့် သူတို့အသင်းမှာ လာရောက် ကစားချင်တဲ့ ကစားသမားတွေ အများအပြား ရှိပြီး ဂျာအို ဖီးလစ်နဲ့ ကန်ဆယ်လိုတို့ကလည်း အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပြီးမှ ဘာစီလိုနာဆီ အငှားနဲ့ လာရောက် ကစားနေကြတာပါ။

Photo Credit: Goal

ဂျာအို ဖီးလစ်နဲ့ ကန်ဆယ်လိုတို့ နှစ်ဦးက ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်ဖို့ အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့သလို သူတို့ရဲ့ လုပ်ခလစာတွေကိုပါ ထက်ဝက်ကျော် လျှော့ပေးခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ လုပ်ရပ်ကြောင့်ပဲ ဘာစီလိုနာပရိသတ်တွေက သူတို့ကို အချစ်ပိုနေကြတာပါ။

လက်ရှိမှာ ဂျာအို ဖီးလစ်နဲ့ ကန်ဆယ်လိုတို့ နှစ်ဦးစလုံးက ဘာစီလိုနာပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတွေ ဖြစ်နေကြသလို မြက်ခင်းပြင်ပေါ်မှာလည်း ဘာစီလိုနာ အတွက် အဓိက ကစားသမားတွေ အဖြစ် ခြေစွမ်းပြ ကစားနေကြပါတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကိုက သူတို့အသင်းဟာ ရာသီကုန်ချိန်မှာ ဂျာအို ဖီးလစ်နဲ့ ကန်ဆယ်လိုတို့ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး သက်ဆိုင်ရာကလပ်တွေနဲ့ ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်း ဆွေးနွေးဖို့ အဆင်သင့် ရှိကြောင်း ဖွင့်ဟလာခဲ့တာပါ။

ဒေကိုက – “ကျွန်တော်တို့က ကန်ဆယ်လိုနဲ့ ဂျာအို ဖီးလစ်တို့ နှစ်ဦးစလုံးကို လာမယ့်ရာသီအတွက်ရော ၊ အနာဂတ်အတွက်ပါ အပြီးသတ် ခေါ်ချင်ပါတယ်။ ဒါက သံသယ ဝင်စရာ မလိုပါဘူး။ သူတို့နှစ်ယောက်လုံးက ကျွန်တော်တို့ အတွက် အဓိက ကစားသမားတွေ ဖြစ်ကြသလို အသင်းမှာလည်း ပျော်နေကြပါတယ်။ အခုချိန်က အပြောင်းအရွှေ့ အတွက် ယတိပြတ် ပြောဖို့ စောလွန်းနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က အပြောင်းအရွှေ့ အတွက် စကားစပြောနေသလို ဆွေးနွေးမှုတွေ လုပ်ဖို့လည်း အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။