စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ စပိန်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဂါဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန် ၃-၁ ဂျော်ဂျီယာ ပွဲစဉ်မှာ ဒူးအရွတ်ပြတ်တောက်ဒဏ်ရာ (ACL) ရသွားခဲ့တာကြောင့် ရာသီကုန် အထိ နားရတော့မယ်လို့ ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လာမာစီယာ အကယ်ဒမီထွက် ဂါဗီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦး ဖြစ်သလို သူက ယခုနှစ် ဘောလုံးရာသီမှာလည်း ဘာစီလိုနာနဲ့ စပိန်အတွက် ပွဲတိုင်းနီးပါး ပါဝင် ကစားပေးထားသူ ဖြစ်ပါတယ်။

Photo Credit: Standard

ဂါဗီက သူ ပါဝင် ကစားရတဲ့ ပွဲတိုင်းမှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ မခိုမကပ် ကစားတတ်သူ ဖြစ်ပြီး သူ့ရဲ့ အားသွန်ခွန်စိုက် ကြိုးစား ကစားမှုကြောင့် ဘာစီလိုနာနည်းပြ ဇာဗီနဲ့ စပိန်နည်းပြချုပ် ဖွန်တေတို့က ဂါဗီကို သူတို့အသင်းတွေရဲ့ အဓိက ကွင်းလယ်လူ အဖြစ် သတ်မှတ်ထားကြတာပါ။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန် ၃-၁ ဂျော်ဂျီယာ ပွဲစဉ်မှာလည်း ဖွန်တေက ဂါဗီကို ရိုဒရီ ၊ ဖေဘီယန် ရုစ်တို့နဲ့ တွဲဖက်ပေးခဲ့ပြီး ဂါဗီက စပိန်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၂၅မိနစ် ဝန်းကျင်မှာ ဂါဗီဟာ ကံမကောင်းစွာနဲ့ပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

Photo Credit: SPORT

စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ နာမည်ကြီး စပိန်သတင်းထောက်တွေရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ ဂါဗီဟာ ဒူးခေါင်းအတွင်းမှာ ရှိတဲ့ cruciate ligamentလို့ ခေါ်တဲ့ ဒူးအရွတ် ပြတ်တောက်သွားတာ ဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် ဂါဗီဟာ ၁နှစ် ဝန်းကျင် အနားယူရတော့မယ်လို့ သိရပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မာတာ ရာမွန်ကလည်း ဘာစီလိုနာဟာ ဂါဗီရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ဖို့ စီစဉ်နေပေမယ့် ဂါဗီဟာ ဒူးအရွတ်ပြတ်တောက်ဒဏ်ရာ ရသွားခဲ့တာကို နားလည်ထားကြကြောင်း ထပ်ဆင့် ဖော်ပြထားပါသေးတယ်။