ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့က ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တဲ့ တက်သစ် လူငယ်ကြယ်ပွင့် ရီဒစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကီနန် ရီဒစ်က တူရကီ ယူ-၁၇ လက်ရွေးစင် ကစားသမား တဦး ဖြစ်ပြီး တူရကီ ယူ-၁၇ အတွက် ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်တဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦးပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ရီဒစ်က ဘောလုံးလောက အတွင်းမှာ ရှားပါးတဲ့ ဘယ်ခြေရော ၊ ညာခြေပါ အားသန်တဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး လိုအပ်ရင် ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေမှာပါ ထွက်ကစားနိုင်တဲ့ အရည်အချင်းတွေ ရှိတာကြောင့် သူ့ကို တူရကီ ကာကာအဖြစ် တင်စားကြပါတယ်။

ရီဒစ်ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် ရီဒစ်ဘက်က သူ လိုချင်တဲ့ လုပ်ခလစာနဲ့ ပွဲထွက်ခွင့် အာမခံချက် မရတာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ ရီဒစ်က အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်နေပြီး ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့က ရီဒစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ရီဒစ်ကို ခေါ်ယူနိုင်ဖို့ ကာလရှည် ကြိုးပမ်းခဲ့ပေမယ့် ယခုအထိ ရီဒစ်နဲ့ သဘောတူညီမှု တစုံတရာ ရယူနိုင်ခြင်း မရှိသေးပဲ ဂျူဗင်တပ်ကတော့ ရီဒစ် တယောက် အသင်းလက်မဲ့ ကစားသမား ဖြစ်သွားချိန်မှသာ ရီဒစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပြီး ရီဒစ်ဟာ အဆိုပါ နှစ်သင်းထဲက တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း သိရပါတယ်။