စာချုပ်ဖျက်သိမ်းကြေး ယူရို (၁၀)သန်းဝန်းကျင်သာ ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေး ပါအူ ကူဘာစီကို ပရီးမီးယားလိဂ် ကလပ်အသင်း အများအပြားက စိတ်ဝင်စားလျက် ရှိနေတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ လာမာစီယာ လူငယ်အကယ်ဒမီဆိုတာ ဘောလုံးလောကမှာတော့ တကယ့်ကို နာမည်ကြီး ဘောလုံးအကယ်ဒမီကြီးတစ်ခုဖြစ်ပြီး အဲ့ဒီကနေ အရည်အသွေးမြင့် ဘောလုံးကစားသမားကောင်းတွေ အစဉ်တစ်ိုက် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT ကြီးဖြစ်သူ လီယွန်နယ် မက်ဆီ အပါအဝင် ဇာဗီ ဟာနန်ဒက်ဇ် ၊ အင်နီယေစတာတို့လို ဘောလုံးသမားကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဘာစီလိုနာ အကယ်ဒမီက ဒီနှစ်ပိုင်းအတွင်းမှာလည်း လူငယ် ကစားသမားကောင်းလေးတွေကို စီနီယာအသင်း လူစာရင်းမှာပါ ထည့်သွင်းနိုင်ခဲ့ပါတယ်။

ဒီထဲကမှ အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ် ခံစစ်ကစားသမားလေး ကူဘာစီကို လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ ကူဘာစီက ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၆)ပွဲအထိ ပါဝင်ကစားခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit : Sport

ကူဘာဆီဟာ ဂျီရိုနာ လူငယ်အကယ်ဒမီကနေ လာမာစီယာကို ရောက်ရှိလာခဲ့ရင်း ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကြီးအတွက် စတင် ပါဝင်ခွင့် ရရှိလာခဲ့ပါတယ်။ သူရဲ့ ပွဲဦးထွက်မှာလည်း ဘာစီလိုနာအသင်းအတွက် ဂိုးဖန်တီးမှုပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီကစားသမားလေးရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို (၁၀)သန်းသာ ရှိနေတာကြောင့် ကူဘာစီကို ဘာစီလိုနာအသင်းဘက်က စာချုပ်သစ် မကမ်းလှမ်းခင်မှာပဲ ယူရို (၁၀)သန်းတည်းနဲ့ အရ ခေါ်ယူသွားဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အပြိုင် ကြိုးပမ်းနေကြပါတယ်။