ဘာစီလိုနာအသင်းက ဒီရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကင်မရွန်း ဝါရင့် တိုက်စစ်မှူးကြီး အဲရစ် မက်ဇင်း ချူပိုမိုတင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ဈေးကွက်ဖွင့်တိုင်းမှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ငွေကြေး သုံးစွဲမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်လို့ မရနိုင် ဖြစ်နေတဲ့ ဘာစီလိုနာက ဒီနောက်ပိုင်းမှာ free transfer နဲ့ ခေါ်ယူလို့ ရနိုင်မယ့် ကစားသမားတွေကို ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : talkSPORT

အခုလည်း ဘာစီလိုနာက အသက် (၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူးကြီး ချူပိုမိုတင်းကို အသင်းရဲ့ တိုက်စစ်ပိုင်း အင်အား တောင့်တင်းလာစေဖို့အတွက် ခေါ်ယူဖြည့်တင်းသွားချင်နေပြီး ချူပိုမိုတင်းကလည်း ဒီရာသီအကုန်မှာပဲ ဘိုင်ယန်နဲ့ သေချာပေါက် လက်တွဲဖြုတ်ဖွယ် ရှိနေပါတယ်။

ကစားသမားဘဝ အတက်အကျများစွာနဲ့ ဖြတ်သန်းထားခဲ့ရတဲ့ ချူပိုမိုတင်းက လက်ရှိ ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကို ရောက်နေရပေမယ့်လည်း လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက စတုတ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်အထိပါ တန်းဆင်းခဲ့ရဖူးပါတယ်။

Photo Credit : Reuters

ဒါပေမယ့်လည်း ချူပိုမိုတင်းက စတုတ်ကနေ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့သလို ပီအက်စ်ဂျီကနေပါ ဘိုင်ယန်အထိ ရောက်ရှိခဲ့ပြီး ဆုဖလားတွေပါ ဆွတ်ခူးနိုင်ခဲ့သလို ကစားခွင့်ရတဲ့ ပွဲတွေမှာလည်း ဂိုးတွေ သွင်းယူပေးရင်း အသင်းတွေကို အကျိုးပြုနိုင်ခဲ့ပါတယ်။

ဒီလို အတွေ့အကြုံကောင်းတွေ အများအပြား ပိုင်ဆိုင်ထားတဲ့ ချူပိုမိုတင်းက မကြာခင်မှာပဲ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး free agent ကစားသမား ဖြစ်တော့မှာမို့ သူ့ကို ဘာစီလိုနာအပါအဝင် ဥရောပ ကလပ်အသင်း အများအပြားက အလွတ်နဲ့ ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။