ဗာဂျယ်လ် ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်သက်တမ်း အခြေအနေတွေကို ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျုဗင်တပ်စ်အသင်းတို့က စောင့်ကြည့်လျက် ရှိနေပြီး ဗန်ဒိုက်သာ လီဗာပူးလ်နဲ့ သက်တမ်းမတိုးဖြစ်တော့ဘူးဆိုရင် အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။
အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ ၂၀၁၈ ဆောင်းဈေးကွက်မှာကတည်းက ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိခဲ့ပြီး အဲ့ဒီအချိန်ကနေ လက်ရှိအထိ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းအတွက် အရေးအပါဆုံး ကစားသမား ဖြစ်နေသလို အသင်းခေါင်းဆောင်လည်း ဖြစ်လို့နေပါတယ်။
Photo Credit : FIFPro
လီဗာပူးလ်အသင်းရဲ့ လိုအပ်နေတဲ့ ခံစစ်လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလားတွေပါ ဆွတ်ခူးနိုင်ခဲ့သလို ကိုယ်တိုင်လည်း တစ်ဦးချင်းဆုတွေပါ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဗန်ဒိုက်ဟာ အခုဆိုရင် လီဗာပူးလ်နဲ့ လက်တွဲဖြုတ်ရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ဇွန်လမှာပဲ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဒီစာချုပ်သက်တမ်းကို တိုးမြှင့်ဖို့အတွက် လုပ်ဆောင်နေကြပေမယ့် လီဗာပူးလ်က ဗန်ဒိုက်အပြင် မိုဆာလာ အာနိုးတို့ကိုပါ သက်တမ်းတိုးရမှာဖြစ်လို့ လီဗာပူးလ်အတွက်တော့ အနည်းငယ် ခက်ခဲရနိုင်ပါတယ်။
Photo Credit : Premier League
တကယ်လို့ ဗန်ဒိုက်နဲ့ လီဗာပူးလ်တို့ကြား စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရခဲ့ဘူးဆိုရင်တော့ သူ့ကို ဘာစီလိုနာ ရီးယဲလ် ဘိုင်ယန် ဂျုဗင်တပ်စ်အသင်းတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ အသင့်ရှိနေကြပြီး လက်မှတ်ထိုးကြေးအပြင် လုပ်ခလစာ ကောင်းကောင်းနဲ့ပါ ကမ်းလှမ်းသွားဖို့လည်း ရှိနေကြပါတယ်။
လီဗာပူးလ်အနေနဲ့ကလည်း သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်ကို လက်လွတ်သွားရနိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် ခရစ္စတယ် ပဲလေ့စ်က အင်္ဂလန် နောက်ခံလူ မာ့ခ် ဂူဟီနဲ့ ဖိုင်ယင်နော့က ဆလိုဗက်ကီးယား နောက်ခံကစားသမား ဒေးဗစ် ဟန်ကော့ခ်တို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဗန်ဒိုက်ကို သက်တမ်းတိုးမရခဲ့ရင် ဒီကစားသမားထဲက တစ်ဦးဦးကို အရ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။