ခရစ္စတယ် ပဲလေ့စ်အသင်းခေါင်းဆောင် နောက်ခံလူ မာ့ခ်ဂူဟီကို ခေါ်ယူဖို့အတွက် စပိန်ချန်ပီယံ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းနဲ့ အပြိုင်ကြိုးပမ်းသွားဖို့ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ လာမယ့် ဇန်နဝါရီလမှာ ဂူဟီဟာ အသင်းသစ်နဲ့ ကြိုတင်စာချုပ် ချုပ်ဆိုခွင့်ရှိလာမှာဖြစ်လို့ ဘာစီလိုနာအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

စပိန်အားကစားသတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဒေကိုဟာ အသက် (၂၅)နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဂူဟီကို ဇန်နဝါရီ အပြောင်းအရွှေ့အတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။ နွေရာသီမှာ အီနီဂို မာတီနက်ဇ်ကို လက်လွှတ်ခဲ့ရပြီးနောက် ခံစစ်ပိုင်းအတွက် အားဖြည့်လိုနေတဲ့ ကာတာလန်ကလပ်ဟာ ဂူဟီကို ပြောင်းရွှေ့ကြေး လုံးဝမပေးရဘဲ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Photo Credit : Football Espana

ဘာစီလိုနာရဲ့ ဝင်ရောက်လာမှုဟာ လီဗာပူးလ်အသင်းအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဂူဟီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပေမယ့် နောက်ဆုံးမိနစ်မှာ ပဲလေ့စ်အသင်းဥက္ကဌ စတိဗ် ပဲရစ်ရှ်က ခံစစ်ကစားသမားသစ် အစားထိုးမရသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါင် (၃၅)သန်းတန် အပြောင်းအရွှေ့ကို ဖျက်သိမ်းခဲ့တာကြောင့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။

အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် ဂူဟီဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဘဲ လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဥရောပထိပ်သီးကလပ်များစွာက သူ့ကို စိတ်ဝင်တစား စောင့်ကြည့်လာခဲ့ကြပါတယ်။ လီဗာပူးလ်အတွက် ဒုတိယအကြိမ် ကြိုးပမ်းခွင့်ကနေ အခုတော့ ဥရောပရဲ့ ဧရာမကလပ်တွေနဲ့ အပြိုင်လုရမယ့် အခြေအနေကို ရောက်ရှိသွားခဲ့ပြီး ပဲလေ့စ်အသင်းကတော့ သူတို့ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားတစ်ဦးကို အလကား လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Barca Universal

နည်းပြသစ် ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာအသင်းမှာ ဗဟိုနောက်ခံလူတွေ မရှားပေမယ့် တည်ငြိမ်မှုပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေပါတယ်။ အန်ဒရီစ် ခရစ္စတင်ဆန်ရဲ့ စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဂျူးလ်စ် ကွန်ဒေကလည်း ညာနောက်ခံလူနေရာမှာ မဖြစ်မနေ ကစားပေးနေရတာတွေ ရှိပါတယ်။ အသင်းရဲ့ ခံစစ်ကျောရိုးလို့ သတ်မှတ်ခံထားရတဲ့ ရော်နယ် အာရူဟိုကလည်း ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိတာ ရာသီနှစ်ခုနီးပါး ရှိလာခဲ့ပါပြီ။ ဒါကြောင့် လူငယ်ကြယ်ပွင့် ပါအူ ကူဘာစီတစ်ဦးတည်းသာ ရေရှည်အတွက် အားကိုးရမယ့် အခြေအနေဖြစ်နေပါတယ်။

ဒီလိုအခြေအနေမှာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြပြီးသား အတွေ့အကြုံ ရင့်ကျက်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ ဂူဟီဟာ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ဖို့ ခံစစ်ပိုင်းကို ပြန်လည်တည်ဆောက်နေတဲ့ ဘာစီလိုနာအတွက် အတွေ့အကြုံနဲ့ အားကိုးရမှု နှစ်ခုစလုံးကို ယူဆောင်လာပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့အားပြိုင်ပွဲဟာ ဘာစီလိုနာနဲ့ လီဗာပူးလ် နှစ်သင်းတည်းတော့ မဟုတ်ပါဘူး။ ဘာစီလိုနာရဲ့ အဓိကပြိုင်ဘက် ရီးရဲလ် မက်ဒရစ်ကလည်း ဂူဟီကို စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေသလို ဘိုင်ယန်မြူးနစ် အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေကလည်း သူတို့ရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းဖို့အတွက် ဂူဟီကို ပစ်မှတ်ထားနေကြပါတယ်။