ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဒေကိုနဲ့ မန်စီးတီးအသင်း အဓိက ကစားသမား တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ အေးဂျင့်များနဲ့ ဒီကနေ့မှာပဲ တွေ့ဆုံမှုတွေ ရှိခဲ့ကြပြီး ဟာလန်း အနာဂတ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါက ဘာစီလိုနာအသင်းအတွက် တကယ့်ကို အံ့အားသင့်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ရပြီး ဘာစီလိုနာ အသင်းဥက္ကဌ ယိုဟန် လာပေါ်တာကလည်း နော်ဝေ တိုက်စစ်မှူး ဟာလန်းလို တကယ့် အရည်အသွေးမြင့် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့လည်း စိတ်ကူးထားပါတယ်။

Photo Credit : Reddit

ဒီအကြောင်းအရာကို ဖော်ပြထားခဲ့တဲ့ စပိန် ဘောလုံးသတင်းထောက် ဂျရတ် ရိုမဲရိုးကတော့ ဒီတွေ့ဆုံမှု မရှိခဲ့ဘူးဆိုပြီး ဘယ်သူကမှ ငြင်းဆန်နိုင်မှာ မဟုတ်ကြောင်း ဒေကိုဘက်ကနေ ဒီဆုံတွေ့မှုအတွင်း ဟာလန်းအကြောင်း မဆွေးနွေးခဲ့ပါဘူးလို့ ပြောလာရင်လည်း သေချာပေါက် လိမ်နေတာသာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားပါတယ်။

ဒါပေမယ့် ဒီတွေ့ဆုံမှုက ဘာစီလိုနာအသင်းအနေနဲ့ ဟာလန်းကို လာမယ့်နွေ ဒါမှမဟုတ် သိပ်မကြာခင်မှာ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ပေမယ့်လည်း လာမယ့် အနာဂတ်မှာ ဟာလန်း ဘာစီလိုနာအသင်းဆီ ရောက်လာနိုင်မယ့် အကြောင်းကို ဦးတည် ဆွေးနွေးခဲ့တာလို့လည်း ရိုမဲရိုးက သုံးသပ်ထားပါသေးတယ်။

Photo Credit : FC Barcelona Noticias

နောက်ထပ် စပိန်အခြေစိုက် သတင်းထောက်တစ်ဦးကလည်း ဒီတွေ့ဆုံမှုမှာ ဘာစီလိုနာဘက်က ကစားသမား (၂)ဦးခန့် လာမယ့်ဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာနိုင်တဲ့အကြောင်းပါ ပြောဆိုဖြစ်ခဲ့ကြပြီး အဲ့ဒီကစားသမားတွေ ထွက်ခွာသွားတဲ့အခါ ဟာလန်းလို ကစားသမားမျိုးကို ခေါ်ယူဖို့ ဘဏ္ဍာရေးပိုင်း အခြေအနေကောင်းလာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

နောက်ပြီး မန်စီးတီးနဲ့ ဟာလန်းတို့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း လာမယ့်နွေမှာ သက်ရောက်ဦးမှာ မဟုတ်ပဲ ၂၀၂၅ခုနှစ် နွေမှသာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ စာချုပ်ဖျက်သိမ်းကြေးက ယူရို (၁၇၅)သန်းအထိ ရှိတယ်လို့လည်း သိရပါတယ်။