ဘာစီလိုနာအသင်းအတွက် နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံး ရက်သတ္တပတ်တွေမှာ လုပ်ဆောင်ရမယ့် အလုပ်တွေ အများအပြား ရှိနေပြီး အဓိကကတော့ အသင်းကနေ ကစားသမားတွေ ရောင်းထုတ်ရေးပဲ ဖြစ်ပါတယ်။ ကစားသမားသစ်တွေဖြစ်တဲ့ ဂျိုအန် ဂါစီယာနဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်တို့ကို လာလီဂါမှာ တရားဝင်စာရင်းသွင်းနိုင်ဖို့အတွက် လက်ရှိကစားသမားတချို့ကို ရောင်းထုတ်ပြီး ဘဏ္ဍာရေးဆိုင်ရာနေရာလွတ် ဖန်တီးပေးဖို့ လိုအပ်နေပါတယ်။
ဒါပေမဲ့ ဘာစီလိုနာရဲ့ အစီအစဉ်ဟာ ကစားသမားသစ်နှစ်ဦးကို စာရင်းသွင်းဖို့တင် မဟုတ်ပါဘူး။ Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဒီနွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာ အဓိကကစားသမား (၆) ဦးအထိကို အသင်းကြီးလူစာရင်းမှာ မှတ်ပုံတင်သွားဖို့ ရည်ရွယ်ထားပါတယ်။
Photo Credit : Beteve
ကလပ်အသင်းအတွက် မဖြစ်မနေ မှတ်ပုံတင်ရမယ့် ကစားသမား (၃)ဦးရှိနေပါတယ်။ သူတို့ကတော့ အက်စ်ပန်ညိုမှ ပြောင်းရွှေ့လာတဲ့ ဂိုးသမား ဂျိုအန် ဂါစီယာ၊ မန်ချက်စတာ ယူနိုက်တက်ကနေ ရောက်ရှိလာတဲ့ ရပ်ရှ်ဖို့ဒ် နဲ့ စာချုပ်အဟောင်း ဘသက်တမ်းကုန်ဆုံးသွားလို့ ပြီးခဲ့တဲ့လကမှ စာချုပ်သစ် ပြန်လည်ချုပ်ဆိုခဲ့တဲ့ ဂိုးသမား ဝေါ့ချက် ရှက်ဇနီတို့ ဖြစ်ပါတယ်။ သူတို့သုံးဦးကို လာလီဂါမှာ စာရင်းမသွင်းနိုင်ပါက ပြည်တွင်းပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ဘာစီလိုနာဟာ လူငယ်ကစားသမား (၃)ဦးကိုလည်း အသင်းကြီးကစားသမားအဖြစ် တရားဝင်သတ်မှတ်ပြီး အသင်းကြီးကျောနံပါတ်တွေ ချီးမြှင့်သွားဖို့ အစီအစဉ်ရှိနေပါတယ်။ ရာသီကြိုမှာ ဂျိုဖရီ တောရန့်စ် ခြေစွမ်းပြနေပေမယ့်လည်း ဘာစီလိုနာဟာ ဘယ်နောက်ခံလူလေး မာတင်ကို အသင်းကြီးအတွက် ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ သူဟာ အသင်းကြီးကစားသမားအဖြစ် မှတ်ပုံတင်ခံရဖွယ်ရှိပြီး ကျောနံပါတ်(၁၈)ကို ဝတ်ဆင်ဖွယ်ရှိပါတယ်။
Photo Credit : FC Barcelona
ဒဏ်ရာကြောင့် (၁၂)လနီးပါး အနားယူခဲ့ရတဲ့ ကွင်းလယ်လူလေး ဘာနယ်ဟာ လာမယ့်ပိတ်ရက်မှာ ကိုမိုအသင်းနဲ့ကစားမယ့် ရာသီကြိုခြေစမ်းပွဲမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ သူလည်း အသင်းကြီးမှာ မှတ်ပုံတင်ခံရဖွယ်ရှိပြီး ကျောနံပါတ်(၁၂) သို့မဟုတ် (၂၂)ကို ရွေးချယ်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ တိုက်စစ်မှူးလေး ဘတ်ဂျီကိုတော့ ကျောနံပါတ် (၁၉)ပေးအပ်ဖို့ လျာထားပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ ကစားသမား (၅)ဦးကို မှတ်ပုံတင်ပြီးတဲ့နောက်မှာ နေရာလွတ်ရှိမှသာ သူ့ကို အသင်းကြီးကစားသမားအဖြစ် မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်အားလုံး အောင်မြင်ဖို့အတွက် ဘာစီလိုနာအသင်းဟာ လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ကစားသမားရောင်းချမှုတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်နေပါတယ်။