အကြိမ်ပေါင်း (၂၁)ကြိမ်မြောက်အဖြစ် ချီးမြှင့် ပေးအပ်သွားမယ့် 2023 Golden Boy ဆုအတွက် မဲပေးမှုစနစ်မှာ ဘာစီလိုနာအသင်းရဲ့ စပိန် နောက်ခံအစွန်လူ အလက်ဟန်ဒရို ဘယ်လ်ဒီက ဦးဆောင်ထားခဲ့ပေမယ့်လည်း သူရဲ့ စကားတစ်ခွန်းကြောင့်နဲ့ မဲရလဒ် အနေအထားက ပြောင်းလဲသွားခဲ့ပါတယ်။

လူငယ် ဘောလုံးသမားတွေထဲကမှ တစ်နှစ်တာအတွင်း အထွန်းတောက်ဆုံးသော ဘောလုံးသမားတစ်ဦးကို ရွေးချယ် ချီးမြှင့်တဲ့ Golden Boy ဆုကို ဒီနောက်ပိုင်းနှစ်တွေမှာ ဘာစီလိုနာရဲ့ ပတ်ဒရီ ဂါဗီတို့က ဆက်တိုက် ရရှိနေပြီး ၂၀၂၃ခုနှစ် Golden Boy အတွက်လည်း ဘာစီလိုနာ ဘယ်နောက်ခံ ကစားသမားလေး ဘယ်လ်ဒီက အခြေအနေကောင်းခဲ့ပါတယ်။

Photo Credit : Sportskeeda

ဒါပေမယ့် အသက် (၁၉)နှစ်အရွယ် လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေးက အင်တာဗျူးတစ်ခုမှာ ကမ္ဘာကျော် အဆိုတော် တေလာဆွစ်နဲ့ ပတ်သက်ပြီး ဖြေကြားမှုအပေါ် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တေလာဆွစ် ပရိသတ်တွေ စိတ်ဆိုးဒေါသထွက်ကြရင်း သူနဲ့ အနီးစပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဘယ်လင်ဟမ်ဆီကိုသာ vote အရေအတွက်တွေ ပိုးတိုးလာခဲ့ပါတယ်။

ဘယ်လ်ဒီက သူက တေလာဆွစ်ကို သဘောမကျကြောင်း သူမရဲ့ သီချင်းတွေကို နှစ်သက်ခြင်း မရှိကြောင်း ပြောဆိုခဲ့လိုက်မိရာကနေ ဘယ်လ်ဒီရဲ့ မဲအရေအတွက်က ဘယ်လင်ဟမ်ရဲ့ မဲအရေအတွက်နဲ့ လုံးဝ ကွာဟသွားခဲ့ရပြီး ဒါကလည်း တေလာဆွစ် ပရိသတ်တွေက ဘယ်လင်ဟမ်အတွက် ဝိုင်း vote ပေးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit : CNN

လက်ရှိ အခြေအနေအရသာဆိုရင်တော့ ရီးယဲလ် မက်ဒရစ်ရဲ့ အင်္ဂလန် ကြယ်ပွင့်လေး ဘယ်လင်ဟမ်က ၂၀၁၄ခုနှစ်တုန်းက စတားလင်း ဒီဆုကို ရရှိပြီးနောက်ပိုင်း (၉)နှစ်အကြာမှ ပထမဆုံး အင်္ဂလန် ကစားသမား Golden Boy winner ဖြစ်လာရပါတော့မယ်။

၂၀၀၃ခုနှစ်ကနေ စတင် ချီးမြှင့်ခဲ့တဲ့ Golden Boy ဆုကို ဗန်ဒါဗတ် ၊ ရူနီ ၊ မက်ဆီ ၊ ဖာဘရီဂတ်စ် ၊ အဂွဲရိုး ၊ အန်ဒါဆင် ၊ ပါတို ၊ ဘလော့တယ်လီ ၊ ဂေါ့ဇီ ၊ အစ္စကို ၊ ပေါ့ဘာ ၊ စတားလင်း ၊ မာရှယ် ၊ ဆန်းချက်စ် ၊ ဘာပေ ၊ ဒီလစ် ၊ ဂျာအိုဖီးလစ် ၊ ဟာလန်း ၊ ပတ်ဒရီ နဲ့ ဂါဗီတို့က ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။