ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဟက်ဆယ်ဘိန့်က သူ့ရဲ့ အသင်းဟောင်းဟာ အက်သလက်တီကို မက်ဒရစ် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ရာသီကုန်ချိန်မှာ အပြီးသတ် မခေါ်ယူသင့်ပဲ ဂျာအိုဖီးလစ် အစား ဟယ်ရီကိန်းကိုသာ ခေါ်ယူဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပေါ်တူဂီ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အက်သလက်တီကို မက်ဒရစ် ကနေ ရာသီဝက်အငှားနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး အကယ်၍ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကသာ ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းကို သဘောကျရင် ချယ်လ်ဆီးဟာ ဂျာအိုဖီးလစ်ကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူရန် ကြိုးစားနိုင်ပါတယ်။

Photo Credit: Football 365

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအိုဖီးလစ်က အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ် ၊ ဘယ်တောင်ပံ ၊ ညာတောင်ပံ ၊ ကွင်းလယ်တိုက်စစ် စတဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားနိုင်မှု ၊ နေရာပေါင်းစုံ ထောင့်ပေါင်းစုံ ကနေ ပြိုင်ဘက်ကို ဖိအားပေး တိုက်စစ်ဆင်နိုင်မှုတို့ကြောင့် နာမည်ကြီးတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

ဂျာအိုဖီးလစ်က သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ ပွဲဦးထွက် ဖြစ်တဲ့ ချယ်လ်ဆီး ၁-၂ ဖူလ်ဟမ် ပွဲမှာလည်း အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင် ကစားပြခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူက တိုက်ရိုက် အနီ ထိခဲ့တာကြောင့် ၃ပွဲပယ် ပြစ်ဒဏ်ကို ကျခံခဲ့ရပါတယ်။

Photo Credit: Football 365

၃ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပေမယ့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းကို သဘောကျနေကြပြီး တာဝန်ရှိသူ တချို့ကဆိုရင် ဂျာအိုဖီးလစ်ကို အပြီးသတ် ဝယ်ယူဖို့ပါ စတင် စဉ်းစားနေကြပါတယ်။ ဒါပေမယ့် ဟက်ဆယ်ဘိန့်ကတော့ ချယ်လ်ဆီးက ဂျာအိုဖီးလစ်ကို ဝယ်မယ့် အစား ဟယ်ရီကိန်းကိုသာ ဝယ်ယူသင့်တယ်လို့ ထင်မြင်နေပြီး ဂျာအိုဖီးလစ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် အထိ ပေးကာ မဝယ်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ဟက်ဆယ်ဘိန့်က – “ချယ်လ်ဆီးက တိုက်စစ်မှူး တဦး လိုအပ်နေပြီး သူတို့အတွက် အသင့်တော်ဆုံးက ဟယ်ရီကိန်းပါပဲ။ ဟယ်ရီကိန်းက သွင်းဂိုးတွေ အတွက် အာမခံချက် အပြည့် ပေးနိုင်တဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် သူက ချယ်လ်ဆီးဆီ ပြောင်းဖို့ စိတ်ကူးမရှိလောက်ပါဘူး။ ဒါပေမယ့် ကိန်းကသာ စပါးကနေ ထွက်တော့မယ် ဆိုရင် ချယ်လ်ဆီးက ကိန်းကို ခေါ်ဖို့ တခေါက်လောက်တော့ ကြိုးစားကြည့်သင့်ပါတယ်။ တကယ်လို့ စပါးရော ၊ ချယ်လ်ဆီးရော ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် ချယ်လ်ဆီးက ဟယ်ရီကိန်းကို ခေါ်ဖို့ အခွင့်အရေး နည်းနည်းလောက်ပဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက် စဉ်းစားမယ် ဆိုရင် ချယ်လ်ဆီးက စပါးထက် ချန်ပီယံဆုတွေကို ရနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ ပြီးတော့ ဟယ်ရီကိန်းက စပါးနဲ့ ၁၈လပဲ သက်တမ်းကျန်တော့တဲ့ ကစားသမားပါ။ ဒါကြောင့် စပါးက ဟယ်ရီကိန်း အတွက် ပေါင် ၁၀၀သန်း တောင်းဆိုမယ် မထင်ပါဘူး။ သူတို့ တောင်းဆိုမယ့် ပမာဏက အဲ့ထက် နည်းနိုင်ပါတယ်။ ဂျာအိုဖီးလစ်ကတော့ အက်သလက်တီကို မက်ဒရစ်ဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ပေါင် ၁၂၄သန်းနဲ့ ထိုက်တန်တဲ့ ကစားသမားလို့ မမြင်ပါဘူး။ ကျွန်တော်က ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းကို သဘောကျပါတယ်။ ဒါပေမယ့် သူက အက်သလက်တီကို မက်ဒရစ်မှာတောင် ကစားခွင့် များများစားစား ရတဲ့ ကစားသမား မဟုတ်ပါဘူး။ ဒါကြောင့် သူက ပေါင် ၁၀၀သန်းကျော်တဲ့ ပြောင်းရွှေ့ကြေးမျိုး ပေးပြီး ခေါ်ရမယ့် ကစားသမားမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။