ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဟက်ဆယ်ဘိန့်က သူ့ရဲ့ အသင်းဟောင်းဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစမှာပဲ နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ အသင်း ဖြစ်ပြီး နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ သူတို့ရဲ့ ကစားပုံက အနည်းငယ် ပိုမို ကျစ်လျစ်လာခဲ့ပေမယ့် ခံစစ်ပိုင်းက အမှားအယွင်းတွေ ပြုလုပ်နေဆဲ ဖြစ်သလို တိုက်စစ်ပိုင်းကလည်း သွင်းဂိုးတွေ ရဖို့ ခက်ခဲနေပါတယ်။

Photo Credit: UK Daily News

ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ပွဲမှာလည်း ၁ပွဲနိုင် ၁ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အပြီးမှာပဲ ချယ်လ်ဆီးဟာ အဆင့်၄နေရာမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရမှတ် ၇မှတ် အထိ ကွာဟနေခဲ့ပါတယ်။

ယခုနှစ် ရာသီမှာ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄အတွင်း ဝင်ရောက်နိုင်ဖို့ အာဆင်နယ် ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ် ၊ လီဗာပူး ၊ စပါး စတဲ့ အသင်း ၆သင်းနဲ့ ယှဉ်ပြိုင်နေရတာကြောင့် အဆင့်၄နေရာနဲ့ ရမှတ် ၇မှတ် အထိ ကွာဟသွားမှုဟာ ချယ်လ်ဆီး အတွက် စိုးရိမ်စရာ ကောင်းတဲ့ အနေအထား တခုပါပဲ။

Photo Credit: UK Daily News

ချယ်လ်ဆီးက အဆင့်၄နေရာနဲ့ ရမှတ် ကွာဟမှု မြင့်မားနေသလို ခြေစွမ်းပိုင်းကလည်း ယိမ်းယိုင်နေတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတော်လေး ရုန်းကန်ရနိုင်ပြီး ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဟက်ဆယ်ဘိန့်ကလည်း သူ့ရဲ့ အသင်းဟောင်းဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဟက်ဆယ်ဘိန့်က – “ကျွန်တော်ကတော့ ချယ်လ်ဆီးဟာ အဆင့်၄နေရာနဲ့ အတော်လေး အလှမ်းဝေးသွားပြီလို့ မြင်ပါတယ်။ ချယ်လ်ဆီးက အဓိက ကစားသမားတွေ ဖြစ်တဲ့ ရစ်စီဂျိမ်းစ် ၊ ကန်တီနဲ့ ချီဝဲလ်တို့ကို ဆုံးရှုံးထားရတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးက ခံစစ်အားသန် ကစားသမားတွေပါ။ အခု သူတို့ဖြစ်နေတာက တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာပါ။ ပေါ်တာက နိုင်ပွဲတွေ ရယူနိုင်ဖို့ လိုအပ်နေပါပြီ။ သူက တတ်နိုင်သလောက် နိုင်ပွဲတွေကို စုဆောင်းရပါတော့မယ်။ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဖြစ်ဖို့ မလွယ်ကူတော့ပါဘူး” လို့ သုံးသပ်စကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။