ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သူ အဲရစ် ဘိုင်လီက မန်ချက်စတာ ယူနိုက်တက်ကနေ ပြင်သစ်ကလပ် မာဆေးလ်ဆီ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ဗဟိုနောက်ခံလူ အဲရစ် ဘိုင်လီက ဗီလာရီးရဲလ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒူးဒဏ်ရာ ရရှိသွားပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: 90 Mins

ဘိုင်လီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက မက်ဂွိုင်းယား ၊ ဗာရန်း ၊ လင်ဒီလော့ဖ်တို့ရဲ့နောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ စတုတ္ထ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ်သာ ကစားခွင့် ရနေခဲ့သူ ဖြစ်ပြီး ယခုနှစ်မှာတော့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ တပည့် မာတီနက်ဇ်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်လာခဲ့တာကြောင့် ဘိုင်လီဟာ အသင်းရဲ့ ပဥ္စမ ဦးစားပေး ဗဟိုခံစစ်မှူး အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဘိုင်လီဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်အောင် ပုံမှန် ပွဲထွက်ခွင့် ရချင်နေတာကြောင့် ပဥ္စမ ဦးစားပေး ဗဟိုခံစစ်မှူး ဖြစ်သွားချိန်မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဘိုင်လီကို ရောင်းချကာ အသင်းရဲ့ လိုအပ်ချက် နေရာတွေ အတွက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူချင်နေပါတယ်။

Photo Credit: 90 Mins

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မာဆေးလ်က ဘိုင်လီကို မန်ချက်စတာ ယူနိုက်တက်ဆီကနေ တရာသီအငှား + ချန်ပီယံလိဂ်ဝင်ခွင့် ရရင် အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ အချက်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဘိုင်လီကလည်း မာဆေးလ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်တာကြောင့် လာမယ့် ရက်ပိုင်းအတွင်းမှာပဲ မာဆေးလ်နဲ့ ဘိုင်လီတို့ရဲ့ အပြောင်းအရွှေ့ဟာ ပြီးပြတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။