ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ရဲ့ ဝါရင့် တိုက်စစ်မှူး အူဘာမီယန်းက ယနေ့မနက် အစောပိုင်းမှာ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ ပွဲအဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှက်တာဒိုးနက် ၂-၂ မာဆေးလ် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် ပူးတွဲ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၃၄နှစ် အရွယ် ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းက ဒီရာသီမှာ မာဆေးလ်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင် ကစားနေသူ ဖြစ်ပြီး သူက မာဆေးလ်အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် ရရှိထားပါတယ်။

Photo Credit: Euro Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှက်တာဒိုးနက်နဲ့ မာဆေးလ်တို့ ပွဲစဉ်မှာလည်း အူဘာမီယန်းက မွန်ဘက်ဂ်နာ ၊ ဟင်းနရစ် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ မာဆေးလ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့သလို ပွဲရဲ့ အဖွင့်ဂိုးကိုလည်း ပွဲချိန် ၆၄မိနစ်မှာ အသင်းဖော် ဂျိုနသန် ကလော့စ်ရဲ့ ဖန်တီးပေးပို့မှု ကနေ သွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲမှာ မာဆေးလ်အတွက် သွင်းဂိုးတွေကို အူဘာမီယန်းနဲ့ လူစားဝင် တိုက်စစ်မှူး အန်ဒီယာတို့က သွင်းယူပေးခဲ့ကြပြီး ရှက်တာဒိုးနက် အတွက် ချေပဂိုးတွေကိုတော့ ခံစစ်မှူး မတ်ဗီယန်ကိုနဲ့ တောင်ပံတိုက်စစ် ကစားသမား အက်ဂွင်နယ်ဒိုတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Euro Sports

မာဆေးလ်က အဝေးကွင်းမှာ နိုင်ပွဲ မရခဲ့ပေမယ့် အူဘာမီယန်းကတော့ သူ့ရဲ့ ၃၀ဂိုးမြောက် ယူရိုပါလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အက်သလက်တီကို မက်ဒရစ်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖယ်လ်ကာအိုရဲ့ ယူရိုပါလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုက်မှီခဲ့ပါတယ်။

အူဘာမီယန်းက သူ့ရဲ့ ယူရိုပါလိဂ်သွင်းဂိုးတွေကို ဒေါ့မွန် (၈ဂိုး) ၊ အာဆင်နယ် (၁၄ဂိုး) ၊ ဘာစီလိုနာ (၂ဂိုး)နဲ့ မာဆေးလ် (၆ဂိုး) စတဲ့ အသင်းတွေမှာ ကစားရင်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အူဘာမီယန်းက ပြင်သစ်မြေမှာ ကစားမယ့် မာဆေးလ်နဲ့ ရှက်တာဒိုးနက်တို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့မယ် ဆိုရင် ဖယ်လ်ကာအိုကို ကျော်ဖြတ်ကာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို တဦးထဲ လွတ်လွတ်ကျွတ်ကျွတ် ပိုင်ဆိုင်ခွင့် ရဖို့ ရှိနေပါတယ်။