စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိထားတဲ့ နံပါတ်တစ် ဂိုးသမား အော့ဘလက်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ရောင်းချဖွယ် ရှိကြောင်း သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဆလိုဗက်နီးယား အသင်းခေါင်းဆောင် ဂိုးသမား အော့ဘလက်က ၂၀၁၄ခုနှစ်မှာ ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၆သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို သိမ်းပိုက်ထားနိုင်သူ ဖြစ်ပြီး သူဟာ လက်ရှိ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမား ၃ဦး စာရင်းဝင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

အော့ဘလက်က အက်သလက်တီကို မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပေမယ့် သူနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပေမယ့် အော့ဘလက်ကတော့ ထိပ်တန်းအသင်း တသင်းဆီသာ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပါတယ်။

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်က ရာသီကုန်မှာ အော့ဘလက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မယ့် အစား လာမယ့် ဆောင်းဈေးကွက်မှာတင်ပဲ အော့ဘလက်ကို ရောင်းချဖို့ စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်က အော့ဘလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဟော့ကန်ဆန်က ဆိုပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ စပိန်ကြယ်ပွင့် ဂိုးသမား ဒီဂီယာကို ပိုင်ဆိုင်ထားပေမယ့် ဒီဂီယာရဲ့ မြင့်မားတဲ့ လုပ်ခလစာနဲ့ အသင်းရဲ့ ကစားကွက်ကို မကူညီနိုင်မှုတို့ကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒီဂီယာကို စာချုပ်သစ် မချုပ်တော့ပဲ ရာသီကုန်ရင် အလွတ်နဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ စဉ်းစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီဂီယာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ထိပ်တန်း ဂိုးသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေဟာ လက်စွမ်းပိုင်း စိတ်ချရသလို ဒီဂီယာထက် ပိုပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်ထဲမှာ အံဝင်အောင် ကစားနိုင်တဲ့ အော့ဘလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ အော့ဘလက်နဲ့ ဒီဂီယာကို အလဲအထပ် လုပ်လာနိုင်ကြောင်းလည်း နာမည်ကြီး အေးဂျင့်တချို့က သုံးသပ်နေကြပါတယ်။