အသက်လက်တီကို မက်ဒရစ်အသင်းကတော့ လာမယ့် ရာသီမှာ အသင်းတိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် ဒေသတွင်း ပြိုင်ဘက်ကလပ် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ချိန်ရွယ်လျက် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာ Diario AS ကနေ ဖော်ပြလာပါတယ်။

အသက်လက်တီကိုအသင်းဟာ အရင်ကတည်းက ဘာစီလိုနာရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ် ဗီလာ ၊ လူးဝစ် ဆွာရက်ဇ်နဲ့ မန်ဖစ် ဒီပိုင်းတို့ကို ခေါ်ယူခဲ့ဖူးသလို အခုလည်း လီဝန်ဒေါစကီးကိုပါ ပစ်မှတ်ထားလာခဲ့ပြန်ပါတယ်။

Photo Credit : Transfermarket

ပိုလန် ဂိုးသွင်းစက်ကြီး လီဝန်ဒေါစကီးဟာ ဘိုင်ယန်ကနေ ဘာစီလိုနာအသင်းဆီ ရောက်ရှိခဲ့စဉ်ကတည်းက စာချုပ်ပါ အချက်အလက်တွေအရ သူရဲ့ တစ်နှစ်လုပ်ခကို နှစ်စဉ် တိုးပေးသွားရမယ်လို့ ထည့်သွင်း ချုပ်ဆိုခဲ့ပေမယ့် လက်ရှိမှာ ဘာစီလိုနာက ဘဏ္ဍာရေး အခြေအနေတွေကြောင့် စာချုပ်ထဲကအတိုင်း မလုပ်ဆောင်နိုင်တော့ပဲ လီဝန်ဒေါစကီးကို အသင်းကနေသာ ထွက်ခွာခွင့်ပြုသွားရနိုင်ပါတယ်။

ဒီလို အခြေအနေတွေမှာ အသက်လက်တီကိုအသင်းရဲ့ နည်းပြကြီး ဒီယေဂို ဆီမြွန်နီက သူ့အသင်း တိုက်စစ်ပိုင်းအတွက် လီဝန်ဒေါစကီးလို ဝါရင့် သမ္ဘာရင့် တိုက်စစ်မှူးကြီးတစ်ဦးကို ခေါ်ယူ အားဖြည့်သွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Barca Blaguranes

တစ်ဖက်မှာကလည်း ဘာစီလိုနာအနေနဲ့ အသက်လက်တီကိုရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူလို့ထားပြီး အငှားသက်တမ်း ပြည့်သွားချိန်မှာ အပြီးသတ် ခေါ်ယူဖို့အတွက် လီဝန်ဒေါစကီးရဲ့ အပြောင်းအရွှေ့နဲ့ပါ ဆက်နွယ်လာနိုင်မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့ နှစ်သင်းဟာ အသင်းက ကစားသမားတွေကို အပြန်အလှန် ရောင်းဝယ်မှုတွေ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး နှစ်သင်းလုံးမှာ ကစားသွားခဲ့တဲ့ ကစားသမား အရေအတွက်ဟာလည်း မနည်းမနောကို ရှိခဲ့ရတာကြောင့် လီဝန်ဒေါစကီးပါ ကတ်တလန်ကနေ မက်ဒရစ်ဆီ ရောက်သွားနိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရတော့မယ်။