အက်သလက်တီကို မက်ဒရစ်အသင်းက သူတို့ရဲ့မြို့ခံပြိုင်ဘက် ရီးရဲလ် မက်ဒရစ်အသင်းကို စပိန်ဘောလုံးလောကရဲ့ ပုံရိပ်ကို ဆက်လက် မထိခိုက်စေဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် အရေးကြီးတဲ့ ဖိုင်နယ်ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး ဒိုင်လူကြီးတွေအပေါ် ဖိအားပေးမှုတွေ အနှောင့်အယှက်ပေးမှုတွေကို အဆုံးသတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စဟာ ရီးရဲလ် မက်ဒရစ်အသင်းပိုင် ရုပ်သံလိုင်း (RMTV) က ဒိုင်လူကြီး ရီကာဒို ဒီ ဘာဂို့စ် ဘန်ဂိုအက်ချီယာကို ပစ်မှတ်ထားပြီး ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ ရီးရဲလ်အသင်း ပါဝင်ကစားခဲ့တဲ့ ပွဲတွေမှာ ဒီဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တယ်လို့ သူတို့ဘက်က ယူဆတဲ့ ဆုံးဖြတ်ချက်တွေကို အသားပေး ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် RMTV က ဒီ ဘာဂို့စ် ဘန်ဂိုအက်ချီယာ ကိုင်တွယ်တဲ့ပွဲတွေမှာ ရီးရဲလ်အသင်းရဲ့ နိုင်ပွဲရာခိုင်နှုန်းဟာ (၆၄)% သာရှိပြီး ပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ နိုင်ပွဲနှုန်းကတော့ (၈၁)% အထိ ရှိတယ်လို့ နှိုင်းယှဉ် ထောက်ပြပြီး ဒိုင်လူကြီးအပေါ် ဖိအားပေးခဲ့ပါတယ်။

Photo Credit : Sky Sports

အက်သလက်တီကိုအသင်းကတော့ ဒီအပေါ်မှာ ငြိမ်မနေဘဲ ပြတ်သားတဲ့ ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။ သူတို့က ပွဲတာဝန်ရှိသူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အန္တရာယ်ရှိတဲ့ အလေ့အထတစ်ခုအဖြစ် ရှုမြင်ပြီး ဒီအပေါ်မှာ လုံးဝ မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ သူတို့ရဲ့ တရားဝင် ဆိုရှယ်မီဒီယာ စာမျက်နှာတွေကနေတဆင့် မြို့ခံပြိုင်ဘက် ရီးရဲလ်ဟာ ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး ဆက်တိုက် ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခြင်းအားဖြင့် စပိန်ဘောလုံးလောကရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

သူတို့ရဲ့ သတင်းစကားကတော့ ရှင်းလင်း ပြတ်သားခဲ့ပါတယ်။ “ဒါက သည်းမခံနိုင်စရာပဲ။ စပိန်ဘောလုံးရဲ့ ပုံရိပ်ကို ညှိုးနွမ်းအောင် မလုပ်ကြပါနဲ့တော့။ #ဒိုင်လူကြီးများအား အနှောင့်အယှက်ပေးမှုများရပ် (#StopRefereeHarassmentNow)” ဆိုပြီး ရေးသား တောင်းဆိုခဲ့ပါတယ်။ ဒီအငြင်းပွားဖွယ် ကိစ္စရပ်တွေရဲ့ နောက်ကွယ်မှာတော့ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ဒိုင်လူကြီး ဒီ ဘာဂို့စ် ဘန်ဂိုအက်ချီယာ ကိုယ်တိုင်က ဒီပြဿနာတွေကြောင့် သူ့မိသားစုဝင်တွေပါ တိုက်ရိုက် ထိခိုက် ခံစားနေရကြောင်း ရင်နင့်ဖွယ် ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အတွေ့အကြုံရင့် ဒိုင်လူကြီးဖြစ်သူက သူ့ရဲ့သားငယ်ဟာ ကျောင်းမှာ အတန်းဖော်တွေရဲ့ အနိုင်ကျင့်မှုကို ခံနေရပြီး “သူခိုး” လို့တောင် ခေါ်ဝေါ် ဆဲဆိုခံနေရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ဒီ ဘာဂို့စ် ဘန်ဂိုအက်ချီယာဟာ ၂၀၁၇ နဲ့ ၂၀၂၃ ခုနှစ်က စူပါဖလား ဖိုင်နယ်ပွဲတွေ အပါအဝင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အကြိတ်အနယ်ရှိတဲ့ ဖိုင်နယ်ပွဲတွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အခုလိုမျိုး RMTV ဘက်က ဖိအားပေးမှုတွေ ပြုလုပ်လာတာကြောင့် သူ့အပေါ် အာရုံစိုက်မှုနဲ့ ဝေဖန်မှုတွေဟာ အရင်ကထက် ပိုမို ပြင်းထန်နေပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေ ဆုဖလားအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် အရေးကြီး ပွဲစဉ်မျိုးတွေမှာ စပိန်ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာနဲ့ တရားမျှတမှုဟာ စိုးရိမ်ဖွယ်ရာ အခြေအနေမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ မကြာသေးခင်က ဖြစ်ရပ်တွေကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အသေးငယ်ဆုံး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုကတောင် မကျေနပ်မှုနဲ့ ဒေါသလှိုင်းလုံးအသစ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒိုင်လူကြီး ဒီ ဘာဂို့စ် ဘန်ဂိုအက်ချီယာအတွက်တော့ ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်ခံစားမှုအပြင်းထန်ဆုံး အကြိတ်အနယ်အရှိဆုံး ပွဲစဉ်တွေထဲက တစ်ပွဲမှာ သူ့ရဲ့ သြဇာအာဏာနဲ့ တည်ငြိမ်မှုကို ဘယ်လို ထိန်းသိမ်းသွားမလဲဆိုတာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။