ဂီတာဖေးအသင်းမှာ ခြေစွမ်းတွေ ပြသလျက် ရှိနေတဲ့ အင်္ဂလန် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကို မက်ဒရစ်အသင်းက နွေရာသီမှာ ခေါ်ယူမယ့် ကစားသမားစာရင်းထဲမှာပါ ထည့်သွင်းထားခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၂)နှစ်အရွယ် တောင်ပံတိုက်စစ် ကစားသမား ဂရင်းဝုဒ်ဟာ သူရဲ့ အမှုကိစ္စတွေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းလို့ မရတော့တဲ့အတွက် ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ရတာ ဖြစ်ပါတယ်။

Photo : beIN SPORT

စပိန် လာလီဂါလို တစ်ခါမှ မကျင်လည်ဖူးသေးတဲ့ နေရာသစ်တစ်ခုမှာ ချက်ချင်း အထိုင်ကျခဲ့တဲ့ ဂရင်းဝုဒ်က အခုဆိုရင် ဂီတာဖေးအသင်းရဲ့ ပွဲထွက် ကစားသမားစာရင်းမှာ အမြဲလိုလို ပါဝင်နေရတဲ့အပြင် အသင်းအတွက်လည်း (၂၂)ပွဲကစား (၇)ဂိုးသွင်း (၄)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဒီလို ခြေစွမ်းမျိုး ပြသထားနိုင်တဲ့ ဂရင်းဝုဒ်ကို သူရဲ့မိခင်ကလပ် ယူနိုက်တက်က ပြန်လည် နေရာပေးဖို့ မဖြစ်နိုင်သေးသလို ဂရင်းဝုဒ်ကိုယ်တိုင်ကလည်း အင်္ဂလန်ဆီ မပြန်ချင်တော့ပဲ စပိန်မြေမှာသာ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေပါတယ်။

Photo : Be Soccer

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂရင်းဝုဒ်ကို လာလီဂါက ရီးယဲလ် ဘာစီလိုနာ ဆီဗီလာ ဗလင်စီယာ ဆိုစီဒက်အသင်းတွေအပြင် ဂီတာဖေးကပါ အပြီးသတ် ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားလာခဲ့သလို အသက်လက်တီကိုကလည်း လာမယ့်နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက်လက်တီကိုမှာက တောင်ပံကစားသမားတွေ အများအပြား ရှိနေပေမယ့် အများစုက ဘယ်တောင်ပံတွေသာ ဖြစ်နေပြီး ညာတောင်ပံမှာက ကော်ရီယာ တစ်ဦးတည်းသာ ရှိနေတဲ့အပြင် ကော်ရီယာရဲ့ အနာဂတ်ဟာလည်း မရေရာတော့ကြောင့် ညာခြမ်းတောင်ပံနေရာမှာ ကစားတက်သူ ဂရင်းဝုဒ်ကို အသင်းရဲ့ shortlist ထဲ ထည့်သွင်းလာခဲ့တာပဲ ဖြစ်ပါတယ်။