လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ အဓိက ရေပန်းစားနေတဲ့အသင်းအဖြစ် ထွက်ပေါ်လာကြောင်း သတင်းများအရ သိရပါတယ်။ အက်သလက်တီကိုအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ကစားသမားတစ်ဦး ထပ်မံရှာဖွေနေပြီး ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီမှာ ရင်းနှီးပြီးသား မျက်နှာဟောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။

အခု နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အက်သလက်တီကိုဟာ အဲလက်စ် ဘိုင်နာ၊ မက်တီယို ရူဂယ်ရီ၊ သီယာဂို အယ်လ်မာဒါနဲ့ ဂျော်နီ ကာဒိုဆိုတို့ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် အလုပ်များတဲ့ နွေရာသီကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ အကြီးအကဲများအနေနဲ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် နောက်ထပ်ကစားသမား အနည်းငယ်ကို ခေါ်ယူဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။

Photo Credit : Football Espana

အသင်းအတွက် ဗဟိုနောက်ခံလူသစ်တစ်ဦး လိုအပ်နေသလို နောက်ထပ်တောင်ပံကစားသမားတစ်ဦးကိုလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ အက်သလက်တီကိုအသင်းဟာ အတ္တလန်တာက အဒယ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက အင်တာမီလန်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်သောကြောင့် အီတလီကလပ်သို့ ပြောင်းရွှေ့ဖို့သာ နီးစပ်နေပါတယ်။ ဒါကြောင့် အခြားပစ်မှတ်များကို ပြောင်းလဲရှာဖွေခဲ့ရာ မန်ယူနိုက်တက်ရဲ့ အန်တိုနီကို စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။

“The i Paper” သတင်းစာရဲ့ ဖော်ပြချက်အရ အသက်(၂၅)နှစ်အရွယ် အန်တိုနီကို အက်သလက်တီကိုအသင်းက စိတ်ဝင်စားနေပြီး အိုတိုနီကလည်း အခုနွေရာသီအကုန်မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ လက်ရှိရာသီဝက်မှာ ရီးရဲလ် ဘက်တစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး (၉)ဂိုးသွင်းယူကာ (၅)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ အန်တိုနီအတွက် ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀) သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit : Football Espana

ဘက်တစ်အသင်းက အန်တိုနီကို အပြီးသတ် ခေါ်ယူလိုပေမယ့်လည်း ယူနိုက်တက်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့် အက်သလက်တီကိုကတော့ အဲ့ဒီပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖွယ်ရှိပြီး အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ဆန်မြူရယ် လီနိုရဲ့ အပြောင်းအရွှေ့ကို အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေသွားမှာပဲ ဖြစ်ပါတယ်။

နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ လက်ရှိလူစာရင်းမှာ ညာတောင်ပံနေရာအတွက် ဂူလီယာနို ဆီမြွန်နီတစ်ဦးသာရှိပြီး မားကို့စ် လော်ရန်တေးမှာလည်း ညာနောက်ခံလူအဖြစ်သာ ပိုမိုအသုံးပြုနေရတာကြောင့် တောင်ပံကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ စဉ်းစားနေခြင်းမှာ သဘာဝကျပါတယ်။ ပစ်မှတ်ထားနေတဲ့ ကစားသမားများထဲမှာ အန်တိုနီက အကောင်းဆုံးဖြစ်နိုင်ပြီး အထူးသဖြင့် ဘက်တစ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင် အက်သလက်တီကိုအတွက် အဖိုးတန်ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။