စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကနေ ထွက်ခွာခွင့် ရထားတဲ့ စပိန် ညာနောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန် ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်က အာဆင်နယ်ရဲ့ အဓိက ညာနောက်ခံလူ တဦး အဖြစ် ကာလရှည် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အာတီတာ တယောက် နည်းပြအဖြစ် တာဝန်ယူချိန်မှ စတင်ကာ အသင်းရဲ့ ဦးစားပေး ညာနောက်ခံလူ အဖြစ် ကနေ အရန် ကစားသမား အဆင့်ဆီ ရောက်ရှိသွားခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင်လည်း ဘယ်လာရင် စပိန်လာလီဂါ ကလပ် ဘက်တစ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။

Photo Credit: Marca

ဟက်တာ ဘယ်လာရင်ဟာ အာဆင်နယ်မှာ ကစားခဲ့စဉ်က မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဘက်တစ်ဆီ သွားရောက် ကစားခဲ့ချိန်မှာတော့ ဒဏ်ရာပြဿနာ အနည်းအကျဉ်းသာ ရခဲ့သလို ဘက်တစ်အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိခဲ့ပါတယ်။

ဘယ်လာရင်က ဘက်တစ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဘက်တစ်ဟာ သူ့အတွက် အာဆင်နယ်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဘယ်လာရင်က အာဆင်နယ်ဆီ ပြန်လာခဲ့ရပြီး လက်ရှိမှာတော့ ဘယ်လာရင်က အာဆင်နယ်မှာ ဆက်နေဖို့ထက် အသင်းသစ်ဆီ ပြောင်းရွှေ့ဖို့သာ စဉ်းစားနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်က ထရစ်ပီယာ ထွက်ခွာသွားပြီးနောက် အားနည်းနေတဲ့ သူတို့ရဲ့ ညာခံစစ် အတွက် ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘယ်လာရင်ရဲ့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်းလည်း သိရပါတယ်။

အာဆင်နယ်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅သန်း ဝန်းကျင် လိုချင်နေပြီး အက်သလက်တီကို မက်ဒရစ်ကလည်း အဆိုပါ ငွေကြေးပမာဏကို အလွယ်တကူ ပေးချေနိုင်စွမ်း ရှိတာကြောင့် ဘယ်လာရင်ရဲ့ အပြောင်းအရွှေ့ဟာ မကြာခင်မှာပဲ တရားဝင် ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။