အသက်လက်တီကို မက်ဒရစ်ဟာ မန်ချက်စတာ စီးတီး တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ဂျာအို ဖီးလစ်ကို အငှား + အပြီးသတ် ခေါ်ယူခွင့် အပါအဝင် ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းထားတယ်လို့ Mail Sport ကနေ သတင်းဖော်ပြထားခဲ့ပါတယ်။

အသက်လက်တီကိုက ဒီနွေမှာ မိုရာတာ ဒီပိုင်းတို့လို တိုက်စစ်ကစားသမားတွေကို လက်လွတ်ထားခဲ့ရသလို ဘာစီလိုနာကနေ ပြန်ရောက်လာတဲ့ ဂျာအို ဖီးလစ်ကိုလည်း အသင်းမှာ ဆက်သုံးသွားဖို့ ဆန္ဒမရှိတာကြောင့် ဒီကစားသမား (၃)ဦးနေရာအတွက် တိုက်စစ်ကစားသမားတွေ ပြန်လည် အစားထိုးဖို့ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ အသက်လက်တီကိုက ဗီလာရီးယဲလ်ရဲ့ နော်ဝေ တိုက်စစ်မှူး ဆော်လော့သ်ကို ခေါ်ယူထားခဲ့ပြီဖြစ်ပြီး မန်စီးတီးကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်ကိုလည်း အတော်လေး မျက်စိကျလျက် ရှိနေပါတယ်။

အသက် (၂၄)နှစ်အရွယ် ကစားသမား အဲလ်ဗာရက်ဇ်က မန်စီးတီးမှာ ကစားခဲ့တဲ့ (၂)ရာသီအတွင်း ပွဲကစားခွင့်တွေ များစွာ ရရှိခဲ့ပေမယ့်လည်း ပွဲကြီးတွေလိုလိုမှာ အာလင်း ဟာလန်းရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားနေရတဲ့အပေါ် စိတ်တိုင်းမကျ ဖြစ်လာခဲ့တာကြောင့် သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားသွားမယ်လို့ပါ ထုတ်ပြောလာခဲ့ပါတယ်။

Photo Credit : Kings of Football

လက်ရှိမှာတော့ အဲလ်ဗာရက်ဇ်က အာဂျင်တီးနား ယူ-၂၃နဲ့အတူ အိုလံပစ်ပြိုင်ပွဲကနေ ထွက်ခွာလာရပြီမို့ မန်စီးတီးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်တော့မှာဖြစ်ပြီး ဒီအခြေအနေတွေကိုလည်း အသက်လက်တီကိုဘက်ကနေ စောင့်ကြည့်နေပါလိမ့်မယ်။ မန်စီးတီးဘက်ကတော့ အဲလ်ဗာရက်ဇ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့် ကစားသမားသာ အသင်းက ထွက်ခွာချင်မယ်ဆိုရင် အဲလ်ဗာရက်ဇ်အတွက် ပေါင် (၇၅)သန်း + အပိုဆုကြေး ပေါင် (၁၀)သန်းနဲ့ ကမ်းလှမ်းမှသာ လက်ခံသွားဖွယ် ရှိနေပါတယ်။

Mail Sport သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ အသက်လက်တီကိုက အဲလ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေးတချို့အပါအဝင် အသင်းကနေ ရှင်းထုတ်သွားချင်နေတဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကိုပါ ပြောင်းရွှေ့ကြေးရဲ့ တစိတ်တပိုင်းအဖြစ် အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပြီး ဒီကမ်းလှမ်းမှုဟာ အမှန်အကန် ဖြစ်နေမလား အမှန်အကန် ဖြစ်ခဲ့မယ်ဆိုရင်ရော မန်စီးတီးဘက်က ဘယ်လို တုံ့ပြန်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။