အသက်လက်တီကို မက်ဒရစ်အသင်းကတော့ လာမယ့်နွေမှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒါဝင် နူးညက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်း ယူရိုသန်း(၄၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စဉ်းစားနေတယ်လို့ ဗြိတိန် ဘောလုံးသတင်းထောက် ဘင် ဂျက်ကော့က ဖော်ပြလာခဲ့ပါတယ်။
ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူးညက်ဇ်ဟာ ၂၀၂၅ နွေဈေးကွက်မှာ လီဗာပူးလ်အသင်းကနေ ရောင်းထုတ်ခံရနိုင်ဖွယ် ရှိလို့နေပြီး နူးညက်ဇ်ကိုလည်း ကလပ်အသင်း တော်တော်များများက ခေါ်ယူသွားချင်နေကြပြီး ဒီအသင်းတွေထဲမှာ အသက်လက်တီကို မက်ဒရစ်ပါ ပါဝင်လာခဲ့ပါတယ်။
Photo Credit : Metro
အသက်(၂၅)နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂ခုနှစ်ကမှ ဘင်ဖီကာကနေ လီဗာပူးလ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နူးညက်ဇ်က လီဗာပူးလ် ကစားသမားဘဝ တတိယရာသီကို ဖြတ်သန်းနေရပေမယ့် ဒီရာသီထဲ အသင်းအတွက် (၇)ဂိုးသာ သွင်းယူထားနိုင်သလို ပွဲကစားခွင့်တွေလည်း အကန့်အသတ်နဲ့သာ ရှိနေရပါတယ်။
လီဗာပူးလ်ဘက်ကလည်း အသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ နူးညက်ဇ်ကို အသင်းကနေ ရောင်းထုတ်ပြီး သူ့နေရာအတွက် တခြားသော တိုက်စစ်ကစားသမား တစ်ဦးကိုသာ ခေါ်ယူသွားချင်နေပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ နူးညက်ဇ်ကို အသက်လက်တီကို အပါအဝင် အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။
Photo Credit : Sport Illustrated
အသက်လက်တီကိုရဲ့ တိုက်စစ်မှာ အဲလ်ဗာရက်ဇ် ဆောလော့ ဂရီးဇ်မန်း ဆီမြွန်နီ ကော်ရီယာတို့ ရှိနေပေမယ့် လာမယ့်နွေမှာ ဂရီးဇ်မန်းနဲ့ ကော်ရီယာတို့က အသင်းကနေ ထွက်ခွာနိုင်တာကြောင့် အသင်းကစားဟန်နဲ့ လိုက်ဖက်မှု ရှိနိုင်မယ့် နူးညက်ဇ်ကို အလိုရှိလာခဲ့ပါတယ်။ နူးညက်ဇ်အတွက်ကိုလည်း ယူရို(၃၅)သန်း ယူရိုသန်း(၄၀)လောက်နဲ့ ကမ်းလှမ်းဖို့ပါ စီစဉ်နေပါတယ်။
ဒါပေမယ့် အဲ့ဒီပြောင်းရွှေ့ကြေးလောက်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင်တော့ လီဗာပူးလ်ဘက်က သေချာပေါက် ပယ်ချနိုင်ပေမယ့် လီဗာပူးလ်ကလည်း အသက်လက်တီကိုရဲ့ တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်ကို အလိုရှိနေတာကြောင့် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် နူးညက်ဇ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးပြုမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။