အသက်လက်တီကိုမက်ဒရစ်အသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာသီးယပ်စ်ကူညာနဲ့ ဂျာအိုဖေးလစ်တို့ကို အသင်းကနေ လက်လွတ်ထားရတာဖြစ်လို့ အားနည်းသွားမဲ့ တိုက်စစ်ပိုင်းအတွက် ဘာစီလိုနာ တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို အစားထိုး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အသက်လက်တီကိုအသင်းဟာ အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ကူညာကို ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းဆီ (အငှား+အပြီးသတ်ခေါ်ယူခွင့်)နဲ့ လက်လွတ်ခဲ့သလို အခုလည်း နောက်ထပ် တိုက်စစ်ကစားသမားဖြစ်သူ ဂျာအိုဖေးလစ်ကိုပါ ချယ်လ်ဆီးအသင်းဆီ ရာသီကုန်အထိ အငှားနဲ့ လက်လွတ်သွားဖို့ပါ နီးစပ်နေပြီ ဖြစ်တာကြောင့် တိုက်စစ်ပိုင်းအတွက် ကစားသမား ပြန်လည် ဖြည့်တင်းဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

လက်ရှိ အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂရီးဇ်မန်း မိုရာတာ ကော်ရီယာ သောမတ်စ်လီမာတို့သာ ရှိနေတာဖြစ်လို့ ဖေးလစ် ကူညာတို့ မရှိတော့တဲ့နောက် အနည်းဆုံး တိုက်စစ်ကစားသမား ပြန်လည် ခေါ်ယူဖို့ လိုအပ်တဲ့အတွက် နယ်သာလန် ကစားသမား ဒီပိုင်းကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ကနဦး ကမ်းလှမ်းချက် ပြုလုပ်ရန်အတွက် ကစားသမားနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး အခုတစ်ပတ်အတွင်းမှာပဲ ညှိနှိုင်းမှုတွေကို စတင် လုပ်ဆောင်မယ်လို့လည်း ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့ကြားမှာလည်း ကစားသမား အပြောင်းအရွှေ့တွေဟာ ယခင်ကတည်းက ရှိထားခဲ့ဖူးတာကြောင့် ဒီအပြောင်းအရွှေ့က ဘယ်လိုဆက်ပြီး ဖြစ်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းကလည်း ဒီပိုင်းကို အခု ဈေးကွက်ထဲ မဟုတ်ရင်တောင် လာမယ့်နွေမှာ အသင်းကနေ ရှင်းထုတ်ချင်နေပြီး ဒီနွေမှာ မိုချန်ဂလာဘတ်အသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ပြင်သစ် တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ကိုပါ ပစ်မှတ်ထားလျက် ရှိနေပြီး ဘိုင်ယန်မြူးနစ် မန်ချက်စတယူနိုက်တက်တို့နဲ့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနိုင်ပါတယ်။