အက်စတွန်ဗီလာအသင်းဟာ ဘာစီလိုနာအပါအဝင် မန်ချက်စတာစီးတီး မန်ချက်စတာယူနိုက်တက် ဒေါ့မွန်တို့လို ထိပ်တန်း ကလပ်အသင်းတွေ စိတ်ဝင်စားနေကြတဲ့ လူငယ်ကစားသမားလေး ကာနေးချူကွယ်မတ်ခ်ကာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)ထိ ဈေးသတ်မှတ်ထားပြီး ဒီနှစ်နွေဈေးကွက်ထဲမှာပဲ တစ်ခါတည်းကို ရောင်းချသွားမှာ ဖြစ်တယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Chukwuemeka is highly regarded by Villa but appears to be on his way out

Photo Credit : talkSPORT

အသက်(၁၈)နှစ်အရွယ်ရှိ ဆယ်ကျော်သက် အင်္ဂလန် လူငယ်ကွင်းလယ်ကစားသမားလေး ချူကွယ်မတ်ခ်ကာဟာ ၂၀၁၆ခုနှစ်ကမှ ဗီလာအသင်းရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာပဲ ဗီလာစီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲအထိပါ ကစားခွင့် ရရှိထားခဲ့တဲ့ ချူကွယ်မတ်ခ်ကာက လာမယ့် ၂၀၂၃ခုနှစ် ဇွန်လမှာပဲ ဗီလာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ပယ်ချထားတာကြောင့် သူ့ကို ဗီလာဘက်က ဒီနှစ်ဈေးကွက်ထဲမှာပဲ အပြီးသတ် ရောင်းချချင်နေတာ ဖြစ်ပါတယ်။

Chukwuemeka is a key player for England at youth level

Photo Credit : talkSPORT

Central Midfield နေရာအပြင် ကွင်းလယ်တိုက်စစ်နေရာထိ လိုက်ပါကစားတတ်သူ ချူကွယ်မတ်ခ်ကာဟာ အင်္ဂလန်ယူ-၁၉အသင်းနဲ့ပါ UEFA European Under-19 Championship ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။ အရည်အသွေးရှိ လူငယ်ကြယ်ပွင့်လေးကို ဗီလာအသင်းက အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်သာ အသင်းနဲ့ ဆက်လက်ပူးပေါင်းလိုခြင်း မရှိတော့တာကြောင့် လာမယ့်နှစ် နွေဈေးကွက်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာထက် အခုနွေမှာပဲ အပြီးသတ် ရောင်းချသွားချင်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ကစားသမားလေး ချူကွယ်မတ်ခ်ကာကို ဘာစီလိုနာအသင်းကနေ စတင် စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ဗီလာအသင်းနဲ့ စာချုပ်သက်တမ် ကုန်ဆုံးသွားချိန်မှာ အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆက်သွယ်မှုတွေကို ဗီလာဘက်က သဘောကျခြင်းမရှိပဲ သူတို့ကစားသမားလေးကို free နဲ့ လက်လွတ်လိုက်ရတာထက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်နဲ့ ရောင်းချသွားဖို့ကိုသာ ဆန္ဒရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ ချူကွယ်မတ်ခ်ကာကို ဘာစီလိုနာအသင်းအပြင် မန်ချက်စတာနှစ်သင်းနဲ့ လူငယ်ကစားသမားတွေကို အကောင်းဆုံး ပျိုးထောင်နိုင်တတ်တဲ့ ဒေါ့မွန်အသင်းတို့ကပါ အပြိုင်စိတ်ဝင်စားနေပါတယ်။