အက်စတွန်ဗီလာအသင်းဟာ လာမယ့် နွေရာသီမှာ ဂျုဗင်တပ်စ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန် ဗလာဟိုဗစ် နဲ့ ဘာစီလိုနာအသင်းရဲ့ စပိန် တောင်ပံကစားသမား ဖယ်ရန်း တောရက်စ်တို့ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ဒီနှစ် ဘောလုံးရာသီ နည်းပြ အူနိုင်း အမ်မရီလက်ထက်မှာ ရလဒ်ပိုင်းတွေ ခြေစွမ်းပိုင်းတွေ ကောင်းမွန်လာခဲ့ပြီး ဥရောပဝင်ခွင့် တစ်နေရာစာအတွက်ပါ မျှော်မှန်းလို့ ရရှိလာခဲ့တဲ့ ဗီလာအသင်းက ဘာစီလိုနာကနေ ထွက်ခွာလာတော့မယ့် ဘောလုံးဒါရိုက်တာ အလီမန်နီကို အသင်းမှာ ရာထူးတစ်ခုပေးပြီး ခန့်အပ်သွားဖို့ ရှိနေတဲ့အပြင် နွေရာသီမှာပါ အသင်းအတွက် ကစားသမား ဖြည့်တင်းမှုတွေကိုပါ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Photo Credit : BeSoccer

ဗီလာက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဗလာဟိုဗစ် နဲ့ တောရက်စ်တို့ထဲက တစ်ယောက်ယောက်ကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့သလို အာဆင်နယ်အသင်းမှာ ဇင်ချန်ကိုကြောင့် ပုံမှန် ကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့ စကော့တလန် ဘယ်နောက်ခံလူ ကီရန် တီယာနေးကိုပါ နယူးကာဆယ်နဲ့ အပြိုင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ လက်ရှိ ဗီလာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘရန့်ဖို့ဒ် ကစားသမားဟောင်း အိုလီ ဝက်ကင်းစ် အတော်လေး ခြေစွမ်းပြနေတယ် ဆိုပေမယ့်လည်း လတ်တလောမှာ ဝက်ကင်းစ်ကို အသင်းများစွာကနေ စိတ်ဝင်စားနေတာကြောင့် ဝက်ကင်းစ်သာ အသင်းကနေ ထွက်ခွာရမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ဗလာဟိုဗစ် နဲ့ တောရက်စ်တို့ထဲက တစ်ဦးဦးနဲ့ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဗီလာက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေတာကြောင့် ဥရောပဝင်ခွင့်ရဲ့ ပြင်ပမှာ ရှိနေရပြီး ဗလာဟိုဗစ် နဲ့ တောရက်စ်တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ယူရိုပါလိဂ်ဝင်ခွင့်လောက်တော့ ရရှိဖို့ လိုအပ်နေပါတယ်။ ယူရိုပါလိဂ် ဝင်ခွင့်အတွက်ကိုတော့ ဗီလာက စပါး ဘရိုက်တန်တို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့အပြင် ဗီလာအနေနဲ့ လက်ကျန် (၄)ပွဲအတွင်းမှာ စပါး ၊ ဘရိုက်တန်တို့နဲ့ပါ ယှဉ်ပြိုင်ဖို့ ရှိနေတဲ့အတွက် ဒီပွဲတွေမှာ အဆုံးအဖြတ် ပေးသွားဖွယ် ရှိနေပါတယ်။