လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲခွင့် ရရှိထားတဲ့ အက်စတွန် ဗီလာအသင်းဟာ လာမယ့်နွေမှာ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ နောက်ခံလူ ရော်နယ်လ် အာရူဟိုကိုပါ ခေါ်ယူသွားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နှစ်ပေါင်း (၄၀)ကျော်အကြာမှ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ ဗီလာအသင်းဟာ ချန်ပီယံလိဂ် ဆင်နွဲရမယ့်အချိန် ကစားသမားအင်အား အတောင့်တင်းဆုံး ဖြစ်နေစေဖို့အတွက် အခုကတည်းကနေ ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : Villa News

 

ဒီရက်ပိုင်းထဲမှာပဲ ဗီလာဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားပြီဖြစ်တဲ့ လူတန်တောင်းအသင်းရဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ရို့စ်ဘာကလေကို ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေရာ အခုဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့တောင် အတော်လေး နီးစပ်နေပြီ ဖြစ်ပါတယ်။

အဲဗာတန် ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်းလည်း ဖြစ်သလို ဗီလာမှာပါ ကစားခဲ့ဖူးတဲ့ ဘာကလေက လူတန်အသင်းမှာ အတော်လေး ခြေစွမ်းပြသခဲ့သူဖြစ်ပြီး သူ့ကို မန်ချက်စတာ ယူနိုက်တက်ဘက်ကပါ စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့်လည်း ဗီလာအသင်းက လက်ဦးမှု ရယူနိုင်ခဲ့ကာ အသင်း ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီလာဟာ ခံစစ်ပိုင်းအတွက် mega signing ကြီးတစ်ခုကိုပါ လုပ်ဆောင်သွားဖို့လည်း ရှိနေပြန်ပါတယ်။ ဒါကတော့ ဗီလာက သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားတဲ့အခါ အာရူဟိုကို ခေါ်ယူသွားမယ်ဆိုပြီး ဘာစီလိုနာအသင်းထံ အသိပေးထားခဲ့ဖူးတဲ့ အခြေအနေတွေကြောင့် အခု ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားချိန်မှာ အာရူဟိုကို အရ ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။

ဒါပေမယ့် ဘိုင်ယန် ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေပြီး ပြောင်းရွှေ့ကြေးလည်း မြင့်မားလှတဲ့ ဥရုဂွေး ခံစစ်မှူး အာရူဟိုကို ခေါ်ယူဖို့အတွက်ဆိုရင် ဗီလာအနေနဲ့ ဒီကစားသမား တစ်ဦးတည်းအတွက်ကိုပဲ ပြောင်းရွှေ့ကြေး တော်တော်များများ အသုံးပြုရနိုင်လို့ ပြောင်းရွှေ့ကြေး+ ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာနိုင်ပါတယ်။