လာမယ့် အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်ကို ခေါ်ယူသွားဖို့အတွက် ကလပ်အသင်းများစွာက စိတ်ဝင်တစား ရှိနေကြပြီး စပိန်နိုင်ငံရဲ့ နာမည်ကျော် သတင်းစာ Marca မှာ ဖော်ပြထားချက်အရ အက်စတွန်ဗီလာအသင်းက ဖေးလစ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

အသက်(၂၃)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဖေးလစ်ဟာ ၂၀၁၉ခုနှစ်ကတည်းက ဘင်ဖီကာကနေ အသက်လက်တီကိုအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသက်လက်တီကိုအသင်းနဲ့အတူ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဖေးလစ်ဟာ အသက်လက်တီကိုရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ ပွဲကစားခွင့် အကန့်အသတ်တွေ ရှိနေသလို အသင်းကပါ ချန်ပီယံလိဂ်ကနေ ထွက်ခွာထားခဲ့ရတာကြောင့် ဖေးလစ်ရဲ့ အနာဂတ်က ဝေဝါးလာခဲ့ရပြီး လာမယ့်ဈေးကွက်ထဲမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေရပါတယ်။

Korea Republic v Portugal: Group H - FIFA World Cup Qatar 2022

Photo Credit : SBNation

အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်သူ ဖေးလစ်ကို မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းတွေက စိတ်ဝင်စားမှု ရှိနေပြီး အသက်လက်တီကိုအသင်းရဲ့ အမှုဆောင်ချုပ်ကိုယ်တိုင်ပါ သူတို့အသင်းကနေ ဖေးလစ် ထွက်ခွာသွားနိုင်ဖွယ် ရှိတယ်လို့ အတည်ပြုထားခဲ့ကပါတယ်။ ဒီအခြေအနေမှာ Marca သတင်းစာရဲ့ သတင်းထောက်တစ်ဦးက ဖေးလစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဗီလာက အသက်လက်တီကို အမှုဆောင်ချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးလျက် ရှိနေပြီး ဒီအခြေအနေတွေကြောင့် ဗီလာဟာ အခြားသော အသင်းတွေထက် ဖေးလစ်ကို ရရှိဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ ဗီလာအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြအူနိုင်းအမ်မရီမှာလည်း လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး ဖေးလစ်နဲ့ တစ်လိဂ်တည်းမှာ ရင်ဆိုင်ခဲ့ဖူးသလို ဖေးလစ်ရဲ့ ခြေစွမ်းပိုင်းတွေကိုလည်း သဘောကျနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာအသင်းတစ်သင်းက လက်ရှိ ကမ္ဘာ့ဖလားမှာပါ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဖေးလစ်လို ကစားသမားမျိုးကို ခေါ်ယူနိုင်ဖို့ အတော်လေးကို ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိနေပါတယ်။