စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ အဆန်စီယိုက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အဆန်စီယိုက ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအရည်အသွေးနဲ့ အမြင်စွမ်းရည်တို့ကြောင့် ထိပ်တန်း ကွင်းလယ်တိုက်စစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Goal

အဆန်စီယိုက ၂၀၁၆ခုနှစ်မှာ အက်စ်ပန်ညို ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်က အဆန်စီယိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် အဆန်စီယိုကတော့ ပုံမှန် ပွဲထွက်ခွင့်ရဖို့နဲ့ အသင်းအပြောင်းအလဲ လုပ်ချင်တာတို့ကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုအချိန်မှာတော့ အဆန်စီယိုက ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူလိုက်ပါပြီ။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အဆန်စီယိုက ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာကာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်လိုက်ပြီး ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ကန်ပို့စ်က အဆန်စီယိုရဲ့ အပြောင်းအရွှေ့မှာ အရေးပါခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီက အဆန်စီယိုကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ စီစဉ်ထားပြီး ရီးရဲလ်မက်ဒရစ်က အသင်းကနေ ထွက်သွားမယ့် အဆန်စီယိုရဲ့ နေရာအတွက် ကစားသမားသစ် ထပ်မခေါ်တော့ပဲ အေစီမီလန်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဘရာဟီမီ ဒီယက်ဇ်ကို အဆန်စီယိုရဲ့ နေရာအား အစားဝင်ခိုင်းဖို့ ဆုံးဖြတ်ထားပါတယ်။