ပီအက်စ်ဂျီအသင်းရဲ့ စပိန် ဘယ်တောင်ပံ ကစားသမား မားကို့ အဆန်စီယိုက လာမယ့်နွေဈေးကွက်အတွင်းမှာပဲ သူ့မွေးရပ်မြေ စပိန်နိုင်ငံဆီကို ပြန်သွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း အဆန်စီယိုဟာ ဒီနွေမှာပဲ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၆ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိတော့ ပြိုင်ပွဲစုံ (၁၀)ပွဲအထိသာ ကစားခဲ့ရပါတယ်။

Photo Credit : Paris Saint Germain

စပိန်လူမျိုး ဘောလုံးနည်းပြ လူးဝစ် အန်နရီကေး လက်ထက် ပီအက်စ်ဂျီအသင်းက အသင်းတိုက်စစ်ပိုင်းအတွင်း ကစားသမား ဖြည့်တင်းမှုတွေ အမြောက်အများ လုပ်ဆောင်ထားပြီး မူအာနီ ဒမ်ဘီလီ နဲ့ ရာမို့စ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသင်းမှာ ဘာပေလို ထိပ်တန်း တိုက်စစ်ကစားသမားလည်း ရှိနေတာကြောင့် အဆန်စီယိုက ပီအက်စ်ဂျီမှာ နေရာရဖို့ ခက်ခဲလာခဲ့ရပြီး ခြေထောက်ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ပုံမှန် ပွဲကစားခွင့်တွေပါ ပျောက်ဆုံးလာခဲ့ရပါတယ်။

Photo Credit : AS USA

ဒီလို အခြေအနေမှာ အဆန်စီယိုက ပဲရစ်မှာ မပျော်မရွှင် ဖြစ်နေရတဲ့အတွက် လာမယ့် နွေဈေးကွက်မှာပဲ ပီအက်စ်ဂျီကနေ စပိန် လာလီဂါ ကလပ်အသင်း တစ်သင်းသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စဉ်းစားလာခဲ့ပါတယ်။

မာယော့ကာ အကယ်ဒမီထွက် အဆန်စီယိုဟာ ရီးယဲလ် နဲ့ အက်စပန်ညိုတို့နဲ့အတူ လာလီဂါမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်လို့ တကယ်လို့ အဆန်စီယိုသာ စပိန်မြေဆီ ပြန်လာချင်တယ်ဆိုရင် သူ့ကို ဆိုစီဒက်အသင်း အပါအဝင် လာလီဂါ ကလပ်အသင်း များစွာက ခေါ်ယူဖို့ အပြိုင် ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။