ရီးယဲလ်မက်ဒရစ်အသင်း စပိန်တိုက်စစ်ကစားသမား မားကို့အဆန်စီယိုဟာ လက်ရှိမှာ သူရဲ့လက်ရွေးစင်အသင်းအတူ UEFA Nations League ပွဲစဉ်တွေကို လိုက်ပါကစားလျက် ရှိနေပြီး နိုင်ငံအသင်းအတွက် တာဝန်ထမ်းဆောင်ပြီးချိန်မှာတော့ သူရဲ့အနာဂတ်အတွက် သူရဲ့ ကလပ်အသင်းနဲ့ ဆွေးနွေးသွားဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Marca
အသက်(၂၆)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ကစားသမား အဆန်စီယိုဟာ ၂၀၁၅ခုနှစ်ကမှ အက်စပန်ညိုကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် အပါအဝင် အောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၄၂)ပွဲအထိကို ပါဝင်ထားခဲ့ရတဲ့ အဆန်စီယိုဟာ လက်ရှိမှာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့သလို သူ့ကိုလည်း အသင်းကနေ ရောင်းချသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အဆန်စီယိုကိုယ်တိုင် စပိန်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ဆန္ဒရှိနေပါတယ်။
Photo Credit : Football Italia
သူ့အနာဂတ်နဲ့ ပတ်သက်ပြီး အဆန်စီယိုက “ကျွန်တော်ရဲ့ စာချုပ်သက်တမ်းက တစ်နှစ် ကျန်ရှိနေသေးပြီး လက်ရှိမှာ နိုင်ငံအသင်းအတွက် အာရုံစိုက်နေပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ ကျွန်တော်ရဲ့ အနာဂတ်အတွက် ဘာဆက်လုပ်ရမလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ သက်တမ်းတိုးသွားမလား ထွက်ခွာသွားမလားဆိုတာတွေထက် ရွေးချယ်စရာ (၃)မျိုး ရှိတယ်လို့တော့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စာချုပ်ပြည့်ချိန်ထိ အသင်းမှာ ဆက်နေတဲ့ ရွေးချယ်မှုလည်း ရှိနေတာဆိုတော့လေ။ အဲ့လိုဆက်နေရင်းနဲ့လည်း ကျွန်တော်ရဲ့ စာချုပ်အခြေအနေက တစ်မျိုးပြောင်းလဲသွားနိုင်တယ်ဆိုတော့။ ဒါက မကြာသေးမီက ကျွန်တော် ရှာဖွေနိုင်ခဲ့တဲ့ အရာတစ်ခုပါ။ ယုံကြည်ချက်က အရေးကြီးတယ်ဆိုတာကို ကျွန်တော် ခံစားမိလာခဲ့ရတယ်။ လာမယ့်နှစ်တွေအတွင်းမှာ ပုံမှန်ကစားခွင့်တွေ ပြန်ရလာဖို့အတွက် အလိုရှိပါတယ်။ ဒါက ကျွန်တော့်အတွက် အရေးကြီးပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘယ်တောင်ပံ ညာတောင်ပံနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာပါ ပါဝင်ကစားတတ်သူ အဆန်စီယိုကို မန်ချက်စတာယူနိုက်တက် အာဆင်နယ် လီဗာပူးလ်နဲ့ အေစီမီလန်အသင်းတွေက စောင့်ကြည့်နေပြီး ရီးယဲလ်နဲ့ ဆွေးနွေးမှု အဆင်မပြေခဲ့ရင် အဆန်စီယိုကို ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။