ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အနိုင်ရခဲ့ရင်တောင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ မသေချာသေးကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အာတီတာရဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) အပြီးမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ၂ပွဲပို ကစားထားကာ ရမှတ် ၅မှတ် အသာစီး ရထားပါတယ်။

Photo Credit: Foot The Ball

ရမှတ်ကိုပဲ ကြည့်ရင် အာဆင်နယ်က မန်ချက်စတာ စီးတီးကို အသာစီး ရနေပေမယ့် အကယ်၍ မန်ချက်စတာ စီးတီးကသာ လက်ကျန်ပွဲ ၂ပွဲစလုံးကို အမှားအယွင်း မရှိ အနိုင်ရခဲ့ရင် မန်ချက်စတာ စီးတီးဟာ အာဆင်နယ်ထက် ရမှတ် ၁မှတ် သာသွားမှာ ဖြစ်တာကြောင့် အာဆင်နယ်ဟာ မနက်ဖြန်ညမှာ ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်လို့ မဖြစ်ပါဘူး။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း ဖြစ်တဲ့ အီတီဟတ်မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာ အနိုင်ရတဲ့ အသင်းက ချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်တာကြောင့် အဆိုပါပွဲဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

Photo Credit: The Mirror

ဒါပေမယ့် လက်ကျန် ၆ပွဲမှာ မန်ချက်စတာ စီးတီး အပြင် ဘရိုက်တန် ၊ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့လို ကစားရခက်တဲ့ အသင်းတွေနဲ့ ကစားဖို့ ကျန်နေသေးတဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာကတော့ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့ရင်တောင် ချန်ပီယံဖြစ်ဖို့ မသေချာသေးပဲ ချန်ပီယံ ဖြစ်ချင်ရင် မန်ချက်စတာ စီးတီးပွဲ အပါအဝင် လက်ကျန် ၆ပွဲစလုံးမှာ အမှားအယွင်း မရှိ ကစားမှပဲ ရမယ်လို့ ဆိုလာပါတယ်။

အာတီတာက – “တကယ်လို့ ကျွန်တော်တို့က မနက်ဖြန်ညမှာ စီးတီးကို နိုင်ခဲ့မယ် ဆိုရင်တောင် ကျွန်တော်တို့က ချန်ပီယံဆုကို ရယူနိုင်ဖို့ မသေချာသေးပါဘူး။ ဒါက သေချာပေါက် ပြောလို့ရတဲ့ အရာပါ။ ကျွန်တော်တို့က စီးတီးကို နိုင်ခဲ့မယ် ဆိုရင် ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများလာမှာ ဖြစ်ပေမယ့် လက်ကျန် ၅ပွဲမှာ ဘာမဆို ဖြစ်သွားနိုင်ပါသေးတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။