ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ပြီးခဲ့တဲ့ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၂ အာဆင်နယ် ပွဲစဉ်မှာ အမှားများစွာကို ကျူးလွန်မိခဲ့တဲ့ ဂိုးသမား ရာယာအား အရန်ခုံဆီ ပို့နိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရကာ အဆိုပါပွဲမှာ အာဆင်နယ်ရဲ့ ပွဲထွက်ဂိုးသမား အဖြစ် ပါဝင် ကစားခဲ့တဲ့ ရာယာဟာ ကြီးမားတဲ့ အမှား ၂ကြိမ်ကို ကျူးလွန်မိခဲ့ပါတယ်။

Photo Credit: Team Talk

ရာယာက ချယ်လ်ဆီးရဲ့ ဒုတိယသွင်းဂိုး ဖြစ်တဲ့ မူဒရစ်ခ်ရဲ့ သွင်းဂိုးမှာ နေရာယူပုံ အတော်လေး လွဲနေခဲ့သလို ဂိုးဧရိယာ အရှေ့မှာ ဘောလုံးပေးပို့မှု လုပ်နေစဉ်မှာလည်း လူပေးမှားခဲ့ပြီး သူ့ရဲ့ အမှားကို ချယ်လ်ဆီးကစားသမား ပါလ်မာက အသုံးမချနိုင်ခဲ့တာကြောင့်သာ အာဆင်နယ်တို့ သက်သာရာ ရခဲ့တာပါ။

ရာယာက ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်ဆီ ရောက်ရှိလာပြီးနောက် တောက်လျှောက် ပွဲထွက်ခွင့် ရနေပေမယ့် အမှားများစွာ ကျူးလွန်မိနေတာကြောင့် အာဆင်နယ်ပရိသတ်တွေက ရာယာကို အရန်ခုံ ပြန်ပို့ပြီး ယခင် နံပါတ်၁ ဂိုးသမား ရမ်စဒဲလ်ကို ပြန်သုံးဖို့ အာတီတာကို တောင်းဆိုနေကြပါတယ်။

Photo Credit: Mirror

ဆီဗီးလားနဲ့ ချန်ပီယံလိဂ်ပွဲ အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက ကစားသမားတိုင်းဟာ အမှားတွေ ကျူးလွန်တတ်တာ မှန်ပေမယ့် ထိပ်တန်းအသင်းမှာ ကစားရင် အမြဲတမ်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသဖို့ လိုအပ်သလို အရန်ခုံဆီ အချိန်မရွေး ရောက်သွားတတ်တာကို သတိချပ်သင့်ကြောင်း ပြောကာ ရာယာကို သတိပေးသွားခဲ့ပါတယ်။

အာတီတာက – “ဘောလုံးလောကမှာ အမှားတွေ ဆိုတာ ရှိတတ်ပါတယ်။ အသင်းကြီး တသင်းမှာ ကစားရင် ဖိအားတွေကို ရင်ဆိုင်ရမှာက ပုံမှန်ပါပဲ။ အသင်းကြီးမှာ ကစားရင် ခင်ဗျားက ပွဲတိုင်းကို အနိုင်ရဖို့ လိုအပ်သလို ကိုယ့်ရဲ့ အကောင်းဆုံးပုံစံမှာ အမြဲတမ်း ရှိနေရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို ဖိအားပေးနိုင်တဲ့ ကစားသမား တယောက်က အမြဲတမ်း ရှိနေလို့လေ” လို့ ပြောကြားကာ ရာယာကို သတိပေးသွားခဲ့တာပါ။