ဒီနောက်ပိုင်းနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးအသင်း တစ်သင်းတည်းကပဲ မကြာခဏ လွှမ်းမိုးထားနိုင်မှုကို ပြောင်းလဲပစ်ချင်တယ်လို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီကနေ စတင်ပြီး ပရီးမီးယားလိဂ်မှာ အကြိမ်ရေ အများဆုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းက မန်စီးတီးဖြစ်ကာ ၂၀၁၃-၁၄ ကနေ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီအထိ (၇)ကြိမ်တောင် ချန်ပီယံ ဖြစ်ထားခဲ့တဲ့အပြင် ၂၀၂၀-၂၁ ၊ ၂၀၂၁-၂၂ ၊ ၂၀၂၂-၂၃ (၃)ရာသီဆက်တိုက်ပါ ချန်ပီယံ ဖြစ်ထားခဲ့ရပါတယ်။

Photo Credit : The Athletic

လက်ရှိမှာဆိုရင်တော့ ပရီးမီးယားလိဂ်/အင်္ဂလန်ပထမတန်း ပြိုင်ပွဲသမိုင်းတစ်လျှောက် မန်ယူနိုက်တက် လီဗာပူးလ် အာဆင်နယ်တို့ပြီးရင် မန်စီးတီးနဲ့ အဲဗာတန်တို့က စတုတ္ထမြောက် အအောင်မြင်ဆုံး အသင်းတွေအဖြစ် ပူးတွဲရပ်တည်နေပြီး ဒီရာသီမှာသာ မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်ရင် စတုတ္ထမြောက် အအောင်မြင်ဆုံးအသင်းအဖြစ် တစ်သင်းတည်းသီးသန့် ရပ်တည်နိုင်မှာ ဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်မှာ ပထမဆုံး (၄)ရာသီဆက်တိုက် ချန်ပီယံအသင်းပါ ဖြစ်လာပါလိမ့်မယ်။

လက်ရှိ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုမှာ အပြိုင်အဆိုင် ဖြစ်နေတာက အာဆင်နယ်အသင်းဖြစ်ပြီး အာဆင်နယ်ကလည်း ၂၀၀၃-၀၄ ဘောလုံးရာသီ နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အတော်လေးကို အလှမ်းဝေးနေရပါတယ်။ ဒါ့အပြင် အာဆင်နယ်က လက်ကျန်ပွဲ (၂)ပွဲသာ ကစားရမယ့်အချိန် မန်စီးတီးကတော့ (၃)ပွဲထိ ကစားရဦးမှာမို့ အမှတ်စုဆောင်းနိုင်မှုမှာလည်း ပိုအခြေအနေကောင်းနေရပါတယ်။

Photo Credit : SportCo

ပြိုင်ဘက် မန်စီးတီးနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်ဟာ သူတို့အသင်းကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်သလို သူတို့တွေထက် ပိုကောင်းတဲ့ အသင်း ဖြစ်လာအောင်လည်း ကြိုးစားနေကြပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ ကျွန်တော်တို့တွေ လုပ်ဆောင်သွားရမယ့် ကိစ္စပါ။ နောက်ပြီး တစ်စုံတစ်ခုက ခင်ဗျားကို ဒီထက် ပိုလှမ်းနိုင်အောင် စိန်ခေါ်နေပြီဆိုရင် ဒါက ခင်ဗျားကို အခုထက် ပိုကောင်းလာစေနိုင်ပါတယ်။”

“မန်စီးတီးအသင်းရဲ့ သမိုင်းမှာ ဆုဖလားတွေ အများကြီးကို ဆွတ်ခူးခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကိုလည်း ရယူထားခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ် (၁၅)အတွင်းမှာပဲ မယုံကြည်လောက်နိုင်စရာ ခရီးရှည်ကြီးကို ဖြတ်သန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် ဒါကို ကျွန်တော်တို့တွေ ပြောင်းလဲပစ်ချင်ပါတယ်။ ကျွန်တော်တို့တွေ တိုးတက် ကောင်းမွန်လာဖို့အတွက် တက်နိုင်သမျှ ကြိုးစားလုပ်ဆောင်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။