ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းရဲ့ အားနည်းနေတဲ့ အစွန်ခံစစ်နေရာတွေ အတွက် မန်ချက်စတာ စီးတီးမှာ သူနဲ့အတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးတဲ့ ကန်ဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ဘယ်အစွန်နဲ့ ညာအစွန်နေရာတွေမှာ ဇင်ချန်ကို ၊ တီယာနေး ၊ ဘန်ဝှိုက် ၊ တိုမီယာစု စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဇင်ချန်ကိုနဲ့ ဘန်ဝှိုက်တို့ နှစ်ဦးထဲကသာ အာတီတာရဲ့ ကစားကွက်နဲ့ လိုက်ဖက်အောင် ကစားနိုင်ကြပြီး တီယာနေးနဲ့ တိုမီယာစုတို့ကတော့ ခံစစ်ပိုင်းသာ အားသန်ကြကာ တိုက်စစ်ဆင်မှု အပိုင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိတဲ့ ခံစစ်မှူးတွေပဲ ဖြစ်ပါတယ်။

Photo Credit: Inside Sports

ဒါကြောင့်ပဲ အာတီတာက ဘယ်အစွန်နဲ့ ညာအစွန် နှစ်နေရာစလုံးမှာ ကစားနိုင်တဲ့ အစွန်ခံစစ်မှူး တဦးကို ဝယ်ယူချင်နေတာ ဖြစ်ပြီး မန်ချက်စတာ စီးတီး ကနေ ဘိုင်ယန်မြူးနစ်ဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ခံစစ်မှူး ကန်ဆယ်လိုဟာ ဘယ်အစွန်နဲ့ ညာအစွန် နှစ်ခုစလုံးမှာ ကစားနိုင်တဲ့ အရည်အသွေးမြင့် ခံစစ်မှူးပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် အစွန်ခံစစ်မှူး ကန်ဆယ်လိုက ဘယ်အစွန်နဲ့ ညာအစွန် နှစ်ခုစလုံးမှာ ကစားနိုင်စွမ်း ရှိသလို တိုက်စစ်အားသန် ခံစစ်မှူး တဦး ဖြစ်တာကြောင့် အာတီတာရဲ့ ကစားကွက်နဲ့ အံဝင်အောင် ကစားနိုင်မယ့် ကစားသမားပါ။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minရဲ့ ဖော်ပြချက်အရ အာတီတာက သူနဲ့ မန်ချက်စတာ စီးတီးမှာ အတူတကွ တွဲဖက် အလုပ်လုပ်ဖူးတဲ့ ကန်ဆယ်လိုကို အာဆင်နယ်ဆီ ခေါ်ယူချင်နေပြီး ကန်ဆယ်လိုကလည်း အာဆင်နယ်ဆီ ပြောင်းဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးက သူတို့ရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဂျေဇူးနဲ့ ဇင်ချန်ကိုတို့ကို ရရှိပြီးနောက် သူတို့အသင်းကို ခြေရာချင်း တိုင်းလာတဲ့ အာဆင်နယ်ဆီ နောက်ထပ် ကစားသမားတွေ ထပ်မံ မရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် အာဆင်နယ်က ကန်ဆယ်လိုကို ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရနိုင်ပါတယ်။